လူအများရဲ့ စိတ်ချ ယုံကြည်မှု ပြန်ရဖို့ ကုလ ကြိုးစားသင့်

Image caption မမျှတတဲ့ ဝန်မျိုး တစ်နိုင်ငံတည်း ထမ်းထားရတာ မဖြစ်သင့်

ကုလသမဂ္ဂ အနေနဲ့ လုပ်ကိုင် ဆောင်ရွက် နိုင်စွမ်း အပြည့်အဝ ရှိလာနိုင်ရေးမှာ မှားယွင်းတဲ့ စီမံ ခန့်ခွဲမှု တွေနဲ့ ဗျုရိုကရေစီ ယန္တရားက အတားအဆီး အပိတ်အဆို့ တွေ ဖြစ်နေတယ် ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က ဝေဖန်ပါတယ်။

နယူးယောက်မြို့မှာ ပြလုပ်တဲ့ အထူးအစည်းအဝေး တစ်ခုမှာ ထရမ့်က အဲဒီလို ပြောခဲ့တာပါ။

ကုလသမဂ္ဂ အဖွဲ့အစည်းရဲ့ အဆင့်အဆင့်တိုင်းမှာ လူအများရဲ့ စိတ်ချ ယုံကြည်မှု ပြန်ရဖို့ ပြုလုပ်ကြပါစို့ ဆိုပြီး သမ္မတ ထရမ့်က ဆော်ဩ ခဲ့ပါတယ်။

လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်ထော်ညူး ဂူထားရက်ရှ် အနေနဲ့ ဒီ ပြဿနာကို စတင် ကိုင်တွယ် ဖြေရှင်း နေပြီ ဆိုတဲ့ အချက် အပေါ်မှာလည်း ထရမ့်က အသိအမှတ်ပြု ပြောဆို ခဲ့ပါတယ်။

တကမ္ဘာလုံး အနှံ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းတွေ အတွက် ကုန်ကျစားရိတ် ၂၈% ကျော်ကို အမေရိကန် တစ်နိုင်ငံတည်းက ထမ်းထားရတာကို ထရမ့် အစိုးရက မလိုလားနိုင် ဖြစ်နေပါတယ်။

ဒီလောက် မမျှတတဲ့ ဝန်မျိုး တစ်နိုင်ငံတည်းက ထမ်းရတဲ့ အဖြစ်မျိုး အနာဂတ်မှာ မဖြစ်သင့်ဘူးလို့ ထရမ့်က ဆိုပါတယ်။