ရခိုင်အရေး ဖိအားကြုံနေချိန် တရုတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များလာ

ဓာတ်ပုံ မူပိုင် Khin Mg Win
Image caption နေပြည်တော်မှာ ရခိုင်အရေးအတွက် မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ရခိုင်အရေးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး နိုင်ငံတကာ ဖိအားတွေ ခံနေရချိန်မှာပဲ တရုတ်နိုင်ငံအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လူကြိုက်များလာတယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော် သတင်းဌာနဖြစ်တဲ့ ဂလိုဘယ်လ်တိုင်မ်းက ဖော်ပြလာပါတယ်။

အန်အယ်လ်ဒီ အရပ်သားအစိုးရအနေနဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးမယ်လို့ ဆိုထားပေမဲ့ ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ ကြုံတွေ့လာရချိန်မှာ စစ်အစိုးရလက်ထက်က အဓိကထားမှီခိုခဲ့ရတဲ့ တရုတ်နိုင်ငံနဲ့ ပိုမို နီးစပ်လာဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အခုလို လူကြိုက်များလာရတဲ့အကြောင်းအရင်းတွေထဲမှာ အနောက်နိုင်ငံတွေရဲ့ ဖိအားကို ကြံ့ကြံ့ခံပြီး မိမိနိုင်ငံရဲ့ အမျိုးသားရေးအတွက် ရပ်တည်တာကြောင့်လို့လည်း ဂလိုဘယ်တိုင်မ်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

တရုတ်မှာလည်း စင့်ကျန့်ဒေသမှာအကြမ်းဖက် ခြိမ်းခြောက်မှုဒဏ်ခံခဲ့ရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဖိအားကို ခံခဲ့ရပြီး မြန်မာမှာ အလားတူ ပြဿနာ ကြုံလာချိန်မှာ အနောက်နိုင်ငံတွေရဲ့ ဖိအားကို ကြံ့ကြံ့ခံနိုင်တာကြောင့်ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နိုဗယ်ဆုရ ဒီမိုကရေစီပုံရိပ်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနောက်နိုင်ငံတွေ့ရဲ့ ကြိုးကိုင်သူခြင်းခံရသူ အဖြစ်သာ မြင်ခဲ့ပေမဲ့ တရုတ်သမ္မတ ရှီကျင့်ပင်လက်ထက်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေး ကောင်းလာခဲ့ပြီးနောက် အမြင်ပြောင်းလာခဲ့တယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က မြန်မာရဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးအတွက် ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောဆိုထားပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာအရေးဖြေရှင်းဖို့ နောက်ဆုံး အခွင့်အရေးလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားတာပါ။

လတ်တလော ရန်ကုန်မှာ တရုတ်ကုန်သည်တွေ ထောင်ချီ တက်ရောက်နေတဲ့ ကမ္ဘာ့ တရုတ်ကုန်သည်များ ညီလာခံကျင်းပနေပြီး တရုတ်ရဲ့ အဓိက စီမံကိန်းဖြစ်တဲ့ ရပ်ဝန်းနဲ့ လမ်းကြောင်းတကြောင်း စီမံကိန်းအကောင်ထည်ဖော်ဖို့နဲ့ မြန်မာမှာ တရုတ်ရင်းနှီးမြှပ်နှံမှုတွေ မြင့်တင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပနေတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်ဟာ တရုတ်ရဲ့ အဓိက ရင်းနှီးမြှပ်နှံမှုနဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း One Belt One Road အတွက် အရေးပါတဲ့ ပြည်နယ်လည်းဖြစ်တဲ့အတွက် အနောက်အုပ်စုနဲ့ တရုတ်နိုင်ငံတို့အကြား ပထဝီနိုင်ငံရေးအရ နောက်ကွယ်က အားပြိုင်ကြသလားဆိုတဲ့ သုံးသပ်မှု အချို့လည်း ရှိနေပါတယ်။

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား တဦးဖြစ်တဲ့ ဥပဒေ ပညာရှင် ဒေါက်တာငွန်ကျူံးလျှန်ကတော့ တရုတ်ကိုမှီခိုရ မမှီခိုရ ဆိုတာထက် နိုင်ငံတကာ ဆက်ဆံရေးမှာ သူ့အကျိုးစီးပွားနဲ့ ကိုယ့်အကျိုးစီးပွား ဘယ်လို ပေါင်းစပ်မလဲဆိုတာပဲ ရှိတယ်လို့ ပြောသလို တရုတ်က နယ်နိမိတ်ထိစပ်နေတဲ့အတွက် အနောက်နိုင်ငံတွေနဲ့ တန်းတူရည်တူ သဘောထားတာမျိုးထက် အမျိုးသားအကျိုးစီးပွားအရ ပိုအားထားရမဲ့ သဘောမျိုးဖြစ်လာရင်လည်း အံ့သြစရာတော့ မရှိဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာ သံခင်းတမန်ခင်းမှာ မြန်မာအစိုးရအနေနဲ့ အောင်မြင်ချင်တယ်ဆိုရင်တော့ နိုင်ငံတကာ မီဒီယာ အခန်းကဏ္ဍမှာ လူ့အခွင့်အရေး လူသားချင်း စာနာရေးအမျိုးသားအဆင့် ထူထောင်ရေး ကိစ္စတွေကို ရှင်းလင်းဖို့လိုပြီး ကုလသမဂ္ဂမှာ မြန်မာအစိုးရရဲ့ ရပ်တည်ချက်ကို နိုင်ငံတကာ စံနှုန်းစံထားနဲ့ အညီ ရှင်းပြဖို့ လိုသလို တဘက်မှာလည်း အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံတကာ စံနှုန်းတွေအကြား ဟန်ချက်ညီ အကောင်ထည်ဖော် ပြဖို့လိုနေတယ်လို့ ဒေါက်တာအင်ဒရူးငွန်ကျူံးလျန်က သုံးသပ်ပါတယ်။

လေ့လာသူအချို့ကတော့ မြန်မာအနေနဲ့ အလုပ်ဖြစ်နိုင်ဖွယ် ဖြေရှင်းမှုတွေနဲ့ မူဝါဒမရှိရင် နိုင်ငံတကာ ဆက်ဆံရေးမှာ ကျရှုံးနေမှုနဲ့ အတူ ပဋိပက္ခတွေက အသွင်ကူးပြောင်းရေးကို လမ်းချော်သွားစေနိုင်ပြီး ပိုမို ဆိုးဝါးတဲ့ အခြေအနေနဲ့ ကြုံတွေ့လာနိုင်တယ်လို့ သတိပေးပြောဆိုတာတွေလည်း ရှိနေပါတယ် ။