သောင်းနဲ့ချီတဲ့ ယူရိုတွေ အိမ်သာထဲဆွဲချ

ဓာတ်ပုံ မူပိုင် Reuters
Image caption တန်ဖိုးမြင့်တဲ့ ယူရို ၅ဝဝ တန်

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့မှာ သောင်းနဲ့ချီတဲ့ ယူရို ငွေစက္ကူတွေ အိမ်သာတွေထဲ ဆွဲချခဲ့တဲ့ ကိစ္စ ကို အစိုးရ က စုံစမ်း နေပါတယ်။

ဂျီနီဗာက UBS ဘဏ်ခွဲ တခုနဲ့ အနားက စားသောက်ဆိုင် ၃ ခုက အိမ်သာတွေထဲ ယူရို ၅ဝဝ တန် ငွေစက္ကူတွေ ဖြတ်တောက် စွန့်ပစ်ခဲ့တာပါ။

နောက် ထောင်နဲ့ချီတဲ့ ဆွစ်ဖရန့် ငွေတွေကိုလည်း အနားဝန်းကျင်က ပိုက်လိုင်းတွေ ပြင်ရာမှာ ချေးချွတ်ဖို့ သုံးခဲ့တယ်လို့ ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဒီတန်ဖိုးကြီးတဲ့ ၅ဝဝ တန် ယူရိုငွေတွေကို တရားမဝင် လုပ်ငန်းတွေမှာ သုံးမှာ စိုးလို့ ၂ဝ၁၈ မှာ သုံးစွဲမှု ရပ်ဆိုင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဥရောပ ကော်မရှင် က ဒီငွေစက္ကူ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့လို့ ဥရောပ ဗဟိုဘဏ်က ဒီငွေထုတ်လုပ်မှု ရပ်တော့မှာ ဖြစ်ပါတယ်။ ကျန်တဲ့ငွေတွေကိုတော့ ဆက်သုံးခွင့် ရှိပါတယ်။

ဒီလို ငွေစက္ကူတွေ ဖျက်ဆီးတာဟာ ဆွစ်ဇာလန်မှာ ပြစ်မှု မဟုတ်ပေမယ့် ဒီလို ထူးထူးဆန်းဆန်း ဖြစ်ရပ်ကို သေချာ စုံစမ်းနေတယ်လို့ ဆွစ်ဇာလန် အစိုးရ ဘက်က ပြောပါတယ်။

ဒီကိစ္စမှာ ရာဇဝတ်ကြောင်းနဲ့ ပတ်သက်မှု ရှိမရှိ စုံစမ်းနေတယ် လို့လည်း ဂျီနီဗာ အစိုးရ ရှေ့နေရုံးက ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် ရှေ့နေတယောက်ကို စုံစမ်းနေတယ်လို့လည်း ဒေသဆိုင်ရာ သတင်းတပုဒ်မှာ ပါရှိပါတယ်။