ရိုဟင်ဂျာ ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ

မြန်မာပြည်က ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ မြန်မာ အစိုးရကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

နယူးယော့မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာ ပြည်က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သူတို့ ပြန်နိုင်အောင် ကူညီပေးချင်တယ်လို့ အင်္ဂါနေ့က ပေးတဲ့ မိန့်ခွန်းမှာ ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာဘက်က ဒီလို ပြန်ခေါ်မယ့် အစီအစဉ်တွေ မစသေးဘူးလို့ မစ္စ ဟာဆီနာက ဆိုပါတယ်။

မြန်မာ အစိုးရ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ ဘင်္ဂလားဒေ့ရှ်ကို ပြေးသွားသူတွေဟာ ရိုဟင်ဂျာ စစ်သွေးကြွတွေကို ထောက်ခံသူတွေလို့ ဘီဘီစီနဲ့ တွေ့ဆုံခန်းမှာ ပြောကြား ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Drew Angerer
Image caption ပြင်သစ် သမ္မတ အီမန်ဝဲလ် မက်ကရွန်း

အနောက်နိုင်ငံတွေက တောင်းဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ဆီ ဖုန်းဆက်ပြီး ဒုက္ခသည်တွေကို အထောက်အထား စစ်ဆေးပြီး ပြန်လက်ခံမယ့် အစီအစဉ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လူသားချင်းစာနာတဲ့ အကူအညီတွေ ဒေသတွင်း ဝင်ခွင့်ပြုဖို့ နဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို သေချာ စစ်ဆေး ဖော်ထုတ်ဖို့ မြန်မာအစိုးရနဲ့ တပ်မတော်ကို တောင်းဆိုခဲ့ပါတယ်။

အလားတူပဲ ပြင်သစ် သမ္မတ အီမန်ဝဲလ် မက်ကရွန်း ကလည်း ရခိုင်မှာ စစ်ဆင်ရေးတွေ ရပ်ရမယ်၊ ဥပဒေ စိုးမိုးရေးနဲ့ အကူအညီပေးရေးတွေ ရှိရမယ်လို့ အထွေထွေ ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

အကူအညီတွေ ရရှိဖို့နဲ့ ပဋိပက္ခတွေ ရပ်ဖို့ လုံခြုံရေး ကောင်စီမှာ တင်သွင်း ဆွေးနွေးသွားမယ်လို့လည်း ပြင်သစ် သမ္မတ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ