HTC ဝန်ထမ်း တချို့ ဂူဂဲလ်ရှိရာ ဆီလီကွန် ဗယ်လီကို ရောက်လာမယ်

Image caption HTC ရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူတာမျိုး မဟုတ်

ဂူဂဲလ် Google ကုမ္ပဏီကြီးနဲ့ ထိုင်ဝမ်ပိုင် HTC ကုမ္ပဏီကြား အမေရိကန် ဒေါ်လာ သန်းပေါင်း တစ်ထောင့်တစ်ရာ တန်ဖိုး ရှိတဲ့ သဘောတူမှု တစ်ရပ် ရရှိ လိုက်ပါတယ်။

ဂူးဂဲလ် အနေနဲ့ HTC ရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူတာမျိုး မဟုတ်ပါဘူး။

ဒါပေမယ့် ရရှိလိုက်တဲ့ သဘောတူမှု အရ HTC ဝန်ထမ်း အချို့ဟာ ဂူးဂဲလ် အခြေစိုက်ရာ အမေရိကန် ဆီလီကွန် ဗယ်လီကို ရောက်လာ ကြပါလိမ့်မယ်။

HTC ရဲ့ ကြေညာချက်အရ သူတို့ ကုမ္ပဏီရဲ့ စမတ်ဖုန်း ဆိုင်ရာ သုတေသန အဖွဲ့နဲ့ ဖန်တီးရေး အဖွဲ့တွေက အင်အား ထက်ဝက် (အရေအတွက် အားဖြင့်ဆို လူ ၂ဝဝဝ ဝန်းကျင်ဟာ) ဂူးဂဲလ် ရှိရာဆီ သွားကြမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ် စျေးကွက်မှာတော့ HTC ရှယ်ယာတွေ ထုတ်ရောင်းတာကို ကြာသပတေးနေ့က စလို့ ဆိုင်းငံ့ ထားပါတယ်။

HTC ဟာ လက်ရှိမှာလည်း ဂူဂဲလ် အတွက် စမတ်ဖုန်း Pixel နဲ့ Pixel XL အမျိုးအစား တွေကို ထုတ်လုပ် ပေးနေပါတယ်။

နောက်လ ထဲမှာ ဆိုရင်လည်း အဲဒီ ဖုန်းအမျိုးအစား ဗားရှင်း အသစ်တွေ ထွက်လာဖို့ ရှိပါတယ်။

HTC ဟာ အရင်တုန်းကတော့ စမတ်ဖုန်း စျေးကွက်ထဲ အဓိက ကုမ္ပဏီ တစ်ခု ဖြစ်ခဲ့ပေမယ့်လည်း Apple နဲ့ ဆမ်ဆောင်းတို့နဲ့ ယှဉ်ပြိုင်ရာမှာ အတော်လေး ရုန်းကန် နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။