ကာဒစ်စတန် လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲလုပ်

အောင်ပွဲခံနေကြတဲ့ ကာ့ဒ်လူမျိုးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ကာကွတ်မြို့မှာ အောင်ပွဲခံနေကြတဲ့ ကာ့ဒ်လူမျိုးတွေ

အီရတ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ပြည်နယ်ကတော့ လွတ်လပ်ရေး ယူမယူ လူထု ဆန္ဒခံယူပွဲကို ဒေသဆိုင်ရာ အစိုးရရဲ့ အစီအစဉ်နဲ့ ပြုလုပ်နေပါတယ်။ သူ့နိုင်ငံထဲမှာလည်း ကာ့ဒ်လူမျိုးစုတွေ ရှိတဲ့ အီရန်က ဒီဆန္ဒခံယူပွဲကို ကန့်ကွက်ပြီး ကာဒစ်စတန်ကို ပျံသန်းနေတဲ့ လေယာဉ် ခရီးစဉ်တွေကို ရပ်နားထားလိုက်ပါတယ်။

ဒါပေမယ့် အစောပိုင်းက သတင်းတွေထွက်ခဲ့သလို ကာဒစ်စတန် ထိစပ်နေတဲ့ သူ့နယ်စပ်ကို ပိတ်ထားလိုက်တယ် ဆိုတာတော့ မဟုတ်ပါဘူးလို့ အီရန်တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီကလည်း နယ်စပ်ကို ပိတ်မယ်လို့ ဆိုပါတယ်။

ကာဒစ်စတန် ဆန္ဒခံယူပွဲကြောင့် သူတို့ နိုင်ငံထဲမှာ ရှိတဲ့ ကာ့ဒ်တွေရဲ့ ခွဲထွက်ချင်စိတ်တွေ လှုံ့ဆော်ပေးသလို ဖြစ်မှာကို သူတို့က စိုးရိမ်ကြတာ ဖြစ်ပါတယ်။

အီရတ်အစိုးရကလည်း ဒီ ဆန္ဒခံယူပွဲဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် ထားပါတယ်။

မဲလာပေးသူ တစ်ဦးကတော့ ဒီကနေ့ ကို ရောက်ဖို့ ကာ့ဒ် လူမျိုးတွေ နှစ်ပေါင်း ၁၀၀ စောင့်ခဲ့ ရတယ်လို့ ပြောပါတယ်။

မဲလာပေးကြသူ လူအများစုကြီးက လွတ်လပ်ရေးယူဖို့ ဆန္ဒပြုကြမယ်လို့ ခန့်မှန်းရပေမယ့် ကာ့ဒ်ခေါင်းဆောင်တွေကတော့ ချက်ခြင်းခွဲထွက်ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောကြပါတယ်။