အမေရိကန် စစ်ကြေညာပြီလို့ ပြုံယမ်း စွပ်စွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုးရီးယား ကို ရန်စတဲ့ သဘော၊ စစ်ကြေညာတဲ့ အသွင် ဆောင်တယ် လို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟို ကပြော

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ မြောက်ကိုရီးယား ကို စစ်ကြေညာ လိုက်ပြီလို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား လိုက်ပြီး၊ ပြုံယမ်း အနေနဲ့ အမေရိကန် ဗုံးကြဲ လေယာဉ်တွေကို ပစ်ချ ပိုင်ခွင့် ရှိတယ် လို့လည်း ကြေညာ ပြောဆို လိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကတော့ မြောက်ကိုးရီးယား ခေါင်းဆောင်ပိုင်း အနေနဲ့ ကြာရှည် ခံမှာ မဟုတ်ဘူး၊ နောက်ပြီး တော့ သူတို့ ခေါင်းဆောင် ကင်ဂျုံအွန်း ကိုလည်း ရောကက် လူသားလေး လို့ နောက်ပြောင် သရော် နာမည် ပေးတဲ့ အတွက် အခုလို ပြောဆိုမှုတွေ ဟာ မြောက်ကိုးရီးယား ကို ရန်စတဲ့ သဘော၊ စစ်ကြေညာတဲ့ အသွင် ဆောင်တယ် လို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟို က ကုလသမဂ္ဂ အထွေထွေ ညီလာခံ လာတက် အပြီး နယူးယောက် က ပြန်ထွက် ခါနီး မှာ သတင်းထောက် တွေ ကို ပြောကြားလိုက် တာပါ။

ပြီးခဲ့တဲ့ သုံးရက် ခန့် က အမေရိကန် စစ်လေယာဉ် တွေ ဟာ မြောက်ကိုးရီးယား ကမ်းခြေ အနီး မှာ အင်အား ပြတဲ့ အနေနဲ့ ပျံသန်းမှု ပြုခဲ့ ပါတယ်။

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ရဲ့ ပြောစကားတွေ ကို အိမ်ဖြူတော် ပြောခွင့်ရ အမျိုး သမီး ဆာရာ ဟပ်ကာဘီ ဆဲန်းဒါးစ် ကတော့ စစ်ကြေညာ တဲ့ စကား လို့ ပြောသွားခြင်း ဟာ အဓိပ္ပါယ် မရှိဘူး လို့ တုံ့ပြန် လိုက်ပါတယ်။

နောက်ပြီးတော့ အမေရိကန် စစ်လေယာဉ်တွေ ကို ပစ်ချမယ် ဆိုတာလည်း နိုင်ငံ တကာ ဥပဒေ ကို ချိုးဖေါက်တာ လို့ ပြောပါ တယ်။

အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် ရဲ့ အထက် မှာ ဖြတ်သန်း ပျံသန်းတဲ့ တပါး နိုင်ငံပိုင် လေယာဉ် ကို ပစ်ချ မယ် လို့ ဆိုတဲ့ စကားဟာ ဘယ်လိုမှ မသင့်တော် ပါဘူး။

ကျွန်မ တို့ရဲ့ ဦးတည်ချက် က မူလ အတိုင်း ပါပဲ။ ကိုးရီးယား ကျွန်းဆွယ် ဘက်မှာ နျူကလီးယား ကင်းစင်ရေး ကို ငြိမ်းချမ်း တဲ့ နည်းနဲ့ ဦးစားပေး ဆက်လက် အဖြေရှာ နေတဲ့ အခါမှာ စီးပွားရေး နဲ့ သံတမန်ရေး အရ ဖိအား ပေးတာ ပဲ ရှိပါတယ် လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး လျို ဂျီးအားရီ ကလည်း တဘက်နဲ့ တဘက် ပြောဆိုမှုတွေ ဟာ အန္တရာယ် များလာတဲ့ ဆီ ရောက်လာ သလို ဘယ်သူ့ အတွက်မှ လည်း အကျိုး ဖြစ်ထွန်း စရာ မရှိဘူး လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စတက်ဖန်ဒူဂျာရစ် ကတော့ ဒေါသ မီးပွား စရာ အပြော အဆိုတွေ ကြောင့် နားလည်မှု လွဲမှား စရာ တွေ ဖြစ်လာ နိုင်တယ် လို့ သတိပေးရင်း နိုင်ငံရေး အရ ဖြေရှင်း ကြဖို့ တိုက်တွန်း သွား ပါတယ်။

ဒါပေမဲ့ ဘီဘီစီ သံတမန် ရေးရာ သတင်းထောက် ဂျော်နသန် မားကပ်စ် ကတော့ ကိုးရီးယား ကျွန်းဆွယ် အရေး ကို ဖြေရှင်း ကြတဲ့ အခါမှာ ပြီးခဲ့တဲ့ ၁၉၅၀ ပြည့်လွန် နှစ်တွေ ကို အမှတ် ရဖို့ လိုတဲ့ အကြောင်း၊ အဲဒီ ကာလတုန်း ကလည်း ငြိမ်းချမ်းရေး သဘောတူညီမှု မရကြဘဲ စစ်ဆိုင်းဖို့ ဖြေရှင်းတဲ့ အထိ ရောက်ပြီးမှ အဆုံးသတ် သွားတဲ့ အကြောင်း ကို သုံးသပ် တင်ပြသွားပါတယ်။