စစ်ကြေညာတယ်ဆိုတဲ့ စွပ်စွဲချက် အမေရိကန် ငြင်းပယ်

ဓာတ်ပုံ မူပိုင် EPA
Image caption နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အပြန်အလှန် စကားလုံး စစ်ထိုးပွဲတွေလည်း ဆင်နွှဲနေကြ

မြောက်ကိုရီးယား အစိုးရက စွပ်စွဲထားတဲ့ "ဝါရှင်တန်က သူတို့ကို စစ်ကြေညာလိုက်ပြီ" ဆိုတဲ့ ထုတ်ပြန်ချက်ကို အမေရိကန် အစိုးရဘက်က ပယ်ချလိုက်ပြီး ဒါဟာ အဓိပ္ပာယ်မဲ့တဲ့ စွပ်စွဲမှုလို့ တုံ့ပြန်လိုက်ပါတယ်။

ဒါ့အပြင် ပြုံယမ်းအစိုးရက အမေရိကန် ဗုံးကြဲလေယာဉ်ပျံတွေကို သူတို့အနေနဲ့ ပစ်ချခွင့် ရှိတယ်လို့ ဆိုထားတဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကိုလည်း ရပ်တန်းက ရပ်ဖို့ အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့် ရှိသူကလည်း စိတ်ဆိုးဒေါသထွက်စေတဲ့ စကားလုံး ထိုးနှက်မှုတွေကနေ ဆိုးဝါးတဲ့ နားလည်မှု လွဲမှားတာတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်အရေးမှာ စဉ်းစား ချင့်ချိန်ပြီး တည်တည်ငြိမ်ငြိမ် တုံ့ပြန်ဖို့ တောင်ကိုရီးယား အစိုးရကလည်း တောင်းဆိုထားပြီး မတော်တဆ ထိတွေ့ ပစ်ခတ်တာတွေကနေ ဒေသတွင်းမှာ မထိန်းချုပ်နိုင်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်လို့ သတိပေးပါတယ်။

ဓာတ်ပုံ မူပိုင် US PACIFIC COMMAND
Image caption ပြီးခဲ့တဲ့ ရက်ပိုင်းထဲ အမေရိကန်ဗုံးကြဲလေယဉ်တွေ မြောက်ကိုရီးယား နယ်နိမိတ် အနီး အင်အားပြ ပျံသန်းခဲ့

စစ်စတင်ကြေညာခဲ့သူက အမေရိကန်သာ ဖြစ်တယ်ဆိုတာကို ကမ္ဘာတခုလုံးက ရှင်းရှင်းလင်းလင်း မှတ်မိနေသင့်တယ် ဆိုပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက သတင်းထောက်တွေကို တနင်္လာနေ့တုန်းက ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်လေယာဉ်ပျံတွေ မြောက်ကိုရီးယားရဲ့ ဝေဟင်ပိုက်နက်ထဲကို ကျူးကျော် ဝင်ရောက်လာတာမျိုး မဟုတ်ရင်တောင် သူတို့မှာ ပစ်ချပိုင်ခွင့် ရှိတယ်လို့လည်း နယူးယောက်မြို့တော်က ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ အပြီးမှာ မစ္စတာဟိုက ဆိုခဲ့ပါတယ်။

အင်အားပြတဲ့ အနေနဲ့ အမေရိကန် စစ်လေယာဉ်တွေ မြောက်ကိုရီးယား ကမ်းခြေအနီးမှာ ပျံသန်းခဲ့ပြီးနောက် ၂ ရက်အကြာမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အဲဒီလို ပြောခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP PHOTO/KCNA VIA KNS
Image caption ပြီးခဲ့တဲ့ စနေနေ့က ပြုံယမ်းမြို့တော်မှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး ပြုလုပ်ခဲ့

မြောက်ကိုရီးယား အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးမှာ စစ်ကြေညာတယ် ဆိုတဲ့ စကားလုံးတွေကို အရင်ကလည်း သုံးနှုန်းခဲ့ဖူးပါတယ်။ ဝါရှင်တန်နဲ့ ပြုံယမ်း အစိုးရ နှစ်ဖက်ကြား ဒေါသတကြီးနဲ့ အပြန်အလှန် စကားစစ်ထိုးပွဲတွေ အရှိန်မြှင့်နေတုန်းမှာပဲ အခု မှတ်ချက်စကားက နောက်ဆုံး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေထဲမှာ မြောက်ကိုရီးယားက ကုလသမဂ္ဂရဲ့ တားမြစ်မှုတွေကို ချိုးဖောက်ပြီး နျူကလီးယားနဲ့ ပဲ့ထိန်း ဒုံးကျည် စမ်းသပ်တာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ အင်အားပြင်း နျူကလီးယား စမ်းသပ်မှု အပြီးမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား အပေါ် အရေးယူပိတ်ဆို့မှု အသစ်တွေ ချမှတ်ခဲ့ပါတယ်။

ဘီဘီစီ တဝန်း