အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုတဲ့ ဥပဒေ ဆော်ဒီဘုရင် ထုတ်ပြန်

Image caption ကြီးကျယ်တဲ့ ခြေလှမ်းသစ် အဖြစ် အမေရိကန် ကြိုဆို

ဆော်ဒီအာရေဗျ နိုင်ငံမှာ အမျိုးသမီးတွေကို ကားမောင့်ခွင့် ပြုလိုက်တဲ့ ဥပဒေ တစ်ရပ်ကို ဘုရင် ဆာလ်မန် ထုတ်ပြန် လိုက်တယ်လို့ ဆော်ဒီ အစိုးရ မီဒီယာတွေက ပြောပါတယ်။

အဲဒီ ဥပဒေဟာ လာမယ့်နှစ် ဇွန်လက စလို့ သက်ဝင်လာမှာ ဖြစ်ပါတယ်။

ဆော်ဒီ နိုင်ငံတွင်း အမျိုးသမီးတွေ ကားမမောင်းရ ဆိုပြီး တကမ္ဘာလုံးမှာ တစ်နိုင်ငံတည်း ပိတ်ပင် ကန့်သတ် ခံထားရတာကို ပယ်ဖျက်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အမျိုးသမီးတွေ ကိုယ်တိုင် နှစ်ရှည်လများ တောင်းဆို လှုပ်ရှားခဲ့ကြပြီး အခုလို အပြောင်းအလဲ ဖြစ်ပေါ် လာခဲ့တာပါ။

ပိတ်ပင်ချက်ကို ချိုးဖောက်ပြီး ကားမောင်းခဲ့တဲ့ ဆော်ဒီ အမျိုးသမီးတွေ ဒဏ်ငွေ ချမှတ် ခံရတာမျိုး သာမက ထောင်ချ ခံရတဲ့ အထိ အရေးယူမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲကမှ ဆော်ဒီ နိုင်ငံက အစ္စလာမ် ဘာသာရေး ဆရာတစ်ယောက်က အမျိုးသမီးတွေဟာ ကားမောင်းလောက်အောင် ဉာဏ်ရည် မပြည့်မှီဘူး ဆိုတဲ့ အပြောမျိုး ပြောခဲ့လို့ ဝေဖန်သံတွေ ဆူဆူညံညံ ထွက်ပေါ် ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ အဲဒီ ဘာသာရေး ဆရာလည်း တရားဟောခွင့် အပိတ် ခံလိုက်ရပါတယ်။

ဆော်ဒီ ဘုရင်ရဲ့ ဥပဒေသစ်ဟာ လမ်းကြောင်းမှန်ကို ဦးတည်တဲ့ ကြီးကျယ်တဲ့ ခြေလှမ်းသစ် အဖြစ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုပါတယ်။