အာဖဂန်က အမေရိကန်လေကြောင်းတိုက်ခိုက်မှု အရပ်သားတွေ ထိခိုက်

ဓာတ်ပုံ မူပိုင် EPA
Image caption ဖြစ်စဉ် ဖြစ်ပွားခဲ့ရာမှာ ဝဲပျံနေတဲ့ စစ်တပ်ရဟတ်ယာဉ်

အာဖဂန်နစ္စတန် မြို့တော် ကာဘူးလ်က စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့ လေကြောင်းပစ်ခတ်မှု တခုမှာ ပဲ့ထိန်း ဒုံးကျည် တစင်း စက်ချွတ်ယွင်းခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အရပ်သား ဘယ်လောက်များများ သေဆုံး၊ ဒဏ်ရာ ရခဲ့တာဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

'ယတိပြတ် အထောက်အကူပြု' လို့ ခေါ်တွင်တဲ့ မြောက်အတ္တလန်တိတ်စစ်စာချုပ် မဟာမိတ်အဖွဲ့ (NATO) ရဲ့ စစ်ဆင်ရေးအတွင်း ဒုံးကျည် တစင်းက မှားယွင်း လွယ်ချော် သွားလို့ အရပ်သား တချို့ ထိခိုက်ခဲ့တယ်လို့သာ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီမှာ စစ်ပွဲနဲ့ မသက်ဆိုင်သူတွေ ထိခိုက်ခဲ့ရတာ အတွက် ဝမ်းနည်းကြောင်း ဆိုထားပြီး စက်ချွတ်ယွင်းမှု အတွက် ပြန်လည်လေ့လာသုံးသပ်နေတယ် ဆိုပါတယ်။

Image caption အမေရိကန်ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့ဝင်တွေဟာ အာဖဂန် အစိုးရ တပ်တွေကို ကူညီပေးနေ

ဒီလေကြောင်းတိုက်ခိုက်မှုက စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အာဖဂန်နစ္စတန် အစိုးရတပ်သားတွေကို ဝေဟင်ကနေ ပစ်ကူ ပေးတဲ့ အနေနဲ့ အမေရိကန်က ပြုလုပ်ခဲ့တာပါ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် အာဖဂန်ကို ဆိုက်ရောက်ပြီး မကြာမီ ကာဘူးလ်လေဆိပ်ကို သောင်းကျန်သူတွေဘက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကို အာဖဂန်တပ်တွေက တန်ပြန် တိုက်ခိုက်နေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption သူပုန်တွေရဲ့ တိုက်ခိုက်မှု အပြီး ကာဘူးလ်လေဆိပ်ပေါ်မှာ မြင်နေရတဲ့ မီးခိုးတန်း

လေဆိပ်တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်ကြောင်း တာလီဘန် အဖွဲ့နဲ့ သူတို့ရဲ့ ပြိုင်ဘက် အစ္စာလာမ်မစ်နိုင်ငံအဖွဲ့ ၂ ဖွဲ့စလုံးက ကြေညာထားပါတယ်။

အာဖဂန်နစ္စတန်က စစ်သွေးကြွ ချေမှုန်းရေး စစ်ပွဲတွေမှာ အထောက်အကူ ပေးနိုင်ဖို့ အတွက် အမေရိကန်စစ်သား ၃,ဝ၀ဝ ထပ်မံ စေလွှတ်ဖို့ကို အမေရိကန်က အခုလတ်တလောမှာပဲ အတည်ပြုခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ နေတိုးတပ်ဖွဲ့ရဲ့ ပံ့ပိုးမှုကြောင့် အာဖဂန်အစိုးရတပ်တွေဟာ တာလီဘန် နှိမ်နင်းရေးမှာ စစ်ရေးအရ အားသာချက်တွေ ရနေတယ်လို့ ဗိုလ်ချုပ်ကြီး မက်တစ်က ပြောခဲ့ပါတယ်။ အာဏာရဖို့ အတွက် အညှာအတာမဲ့ သတ်ဖြတ်နေတာကို အမေရိကန်အနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျိမ်းမက်တစ်ဟာ ဧပြီလတုန်းကလည်း အာဖဂန်ကို သွားရောက်ခဲ့

အမေရိကန်ရဲ့ အာဖဂန်နစ္စတန်က တာလီဘန် စစ်ဆင်ရေးတွေဟာ ၂၀၁၄ ခုနှစ်ကတည်းက တရားဝင် ရပ်တန့်ထားခဲ့တာပါ။ ဒါပေမယ့် အာဖဂန် အစိုးရတပ်တွေကို ထောက်ပံ့ကူညီဖို့ အတွက် အမေရိကန် စစ်သား ၈,ဝ၀ဝ ကျော်ကတော့ အဲဒီမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ကို အမေရိကန် ဦးဆောင်တဲ့ တပ်တွေ ကျူးကျော်ဝင်ရောက်ခဲ့တာ ၁၆ နှစ် ကြာပြီ ဖြစ်ပေမယ့် အာဖဂန် အစိုးရတပ်တွေဟာ နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်သေးပါတယ်။

Image caption အာဖဂန်ကို အမေရိကန်စစ်သား ၃,ဝ၀ဝ ထပ်မံ စေလွှတ်ဖို့လည်း ရှိ

ဘီဘီစီ တဝန်း