မွန်ဘိုင်းဘူတာရုံမှာ လူချင်းနင်းမိပြီး ၂၂ ဦး သေဆုံး

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုးဝှေ့နင်းမိခံရသူတွေကို လမ်းသွားလမ်းလာတွေက ဆွဲထုတ်ကယ်ဆယ်ခဲ့ကြ

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့ဖြစ်တဲ့ မွန်ဘိုင်းမြို့က ဘူတာရုံမှာ လူချင်းတိုးဝှေ့နင်းမိပြီး ၂၂ ဦး သေဆုံးခဲ့ပါတယ်။

မနက်ပိုင်း လူသွားလူလာများချိန်မှာ မိုးသည်းသည်းမဲမဲ ရွာလိုက်လို့ မွန်ဘိုင်းမြို့လယ်က Elphinstone Road ဘူတာကိုသွားတဲ့ လူကူးတံတားကျဉ်းကျဉ်းလေးပေါ်မှာ လူတွေကြပ်ညပ် တိုးဝှေ့ သွားကြရင်း အချင်းချင်း နင်းမိခဲ့ကြတာပါ။

နောက်ထပ် လူ ၃၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို အနီးအနားက ဆေးရုံကို တင်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေ ဝမ်းနည်းပူဆွေးနေ
ဓာတ်ပုံ မူပိုင် BBC Marathi
Image caption ကယ်ဆယ်ရေးလုပ်သားတွေလည်း အခင်းဖြစ်ရာ နေရာကို ရောက်လာကြ

ရထားအာဏာပိုင်တွေကလည်း အခင်းဖြစ်တဲ့နေရာကို ရောက်လာပြီး အခြေအနေကို စုံစမ်း စစ်ဆေးနေပါတယ်။

မွန်ဘိုင်းမြို့က ရထားလုပ်ငန်း အခြေခံအဆောက်အအုံတွေက အိုဟောင်းလွန်းနေပြီး မြို့ရဲ့ လူထုအတွက် ပြည့်စုံလုံလောက်မှု မရှိ ဖြစ်နေတယ်လို့ မွန်ဘိုင်းက ဘီဘီစီသတင်းထောက်က ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက သေဆုံးသူတွေအတွက် အလွန်ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း၊ ဒဏ်ရာရသူတွေအတွက် ဆုတောင်းပေးနေကြောင်း တွစ်တာမှာ ရေးသားပါတယ်။