အမေရိကန် ကျန်းမာရေး ဝန်ကြီး ရာထူးကနေ ရုတ်တရက် နှုတ်ထွက်ပေးရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption သူသုံးထားတဲ့ ပြည်သူ့ အခွန်ငွေတွေကို ပြန်လျော်ပေးမယ်လို့ မစ္စတာ Price ပြော

အမေရိကန်နိုင်ငံမှာ တန်ဘိုးကြီးတဲ့ စင်းလုံးငှား လေယာဉ်တွေကို တရားဝင် အလုပ် ခရီးစဉ်တွေအတွက် အသုံးပြုခဲ့မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီး Tom Price ရာထူးကနေ နှုတ်ထွက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ စင်းလုံးငှား လေယာဉ်တွေနဲ့ ခရီးစဉ်ပေါင်း ၂၆ခု သွားခဲ့ရာမှာ လူထု အခွန်ငွေ ဒေါ်လာ ၄သိန်းကုန်ကျခဲ့တာနဲ့ ပတ်သက်လို့ မစ္စတာ Price က အစောပိုင်းက တောင်းပန်စကား ပြောခဲ့ပါတယ်။

မစ္စတာ Price က ကုန်ကျစရိတ်တွေကို အမေရိကန် ဘဏ္ဍာရေးဌာနကို ချက်လက်မှတ်ရေးပြီး ပြန်ဆပ်ပါ့မယ်လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

နိုင်ငံတော် လုံခြုံရေးကိစ္စတွေ ကိုင်တွယ်နေတဲ့ သူတွေကလွဲလို့ အမေရိကန် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ အလုပ်ခရီးစဉ်တွေအတွက် ခရီးသည်တင် လေယာဉ်တွေကိုသာ သုံးခွင့်ရှိတာပါ။

Politco ဆိုတဲ့ နိုင်ငံရေး သတင်း website ရဲ့ လေ့လာစုံစမ်းမှု တခုအရတော့ မစ္စတာ Priceရဲ့ ခရီးစရိတ်က ဒေါ်လာ တသန်း ကျော်လောက် ကုန်ကျခဲ့တယ်လို့ တွေ့ရပါတယ်။

အဲဒီ ကုန်ကျစရိတ်ထဲမှာ စင်းလုံးငှား လေယာဉ်တွေအတွက် ကုန်ကျစရိတ် ဒေါ်လာ ၄သိန်းနဲ့အတူ နိုင်ငံခြားခရီးစဉ်တွေအတွက် စစ်လေယာဉ်တွေ အသုံးပြုတဲ့ ကုန်ကျစရိတ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မစ္စတာ Priceရဲ့ ခရီးသွား စရိတ် အကုန်အကျ အဆမတန် များလာနေတာဟာ ဘယ်လိုမှ လျစ်လျူရှုထားလို့ မရတဲ့ အရှုပ်တော်ပုံကြီး ဖြစ်လာခဲ့တာပါ။

ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလတုန်းကတော့ မစ္စတာထရမ့်က သူ့အစိုးရ တက်လာခဲ့ရင် အလဟဿ ဖြစ်မယ့် အသုံးစရိတ်တွေကို ဖြတ်တောက် ချွေတာသွားမယ်လို့ ကတိပြု မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ အဲဒီတုန်းက ကတိပေးခဲ့တာတွေနဲ့ ပြောင်းပြန် ဖြစ်နေပါပြီ။

တခါ သမ္မတ ထရမ့် အစိုးရရဲ့ နောက်ကက်ဘိနက် ဝန်ကြီး ၃ဦးလည်း အလုပ်ခရီးစဉ်တွေအတွက် စင်းလုံးငှား လေယာဉ်တွေ သုံးခဲ့တဲ့အတွက် အဝေဖန် ခံနေရ သလို သမ္မတ ထရမ့်ရဲ့ အဆင့်မြင့် အကြံပေးပုဂ္ဂိုလ် Kellyanne Conway လည်း မစ္စတာ Priceရဲ့ လေယာဉ် ခရီးစဉ် တခုမှာ လိုက်ပါခဲ့ဖူးတဲ့အတွက် ဒီအရှုပ်တော်ပုံကြီးဟာ အိမ်ဖြူတော်ထဲအထိ ရောက်လာနိုင်တယ်ဆိုတဲ့ အရိပ်အမြွက် ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်နိုင်ငံမှာ ပြည်သူ့ ဘဏ္ဍာကို ဒီလို မတန်တဆ သုံးဖြုန်းတာမျိုးဟာ ရာထူးကနေ ထုတ်ပယ်နိုင်လောက်တဲ့ ပြစ်မှုမျိုး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် Anthony Zurcher က သုံးသပ်ထားပါတယ်။