မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ နည်းလမ်းရှာနေလို့ ကန်ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်ဘက်ကလည်း မြောက်ကိုရီးယားကို စီးပွားရေး ဒဏ်ခတ်မှု ပီပြင်စေဖို့ ဆန္ဒရှိကြောင်း ပြလာပေမယ့် အမေရိကန်ကို တွေ့ဆုံဆွေးနွေးရေး အပိုင်းမှာ ပိုပြီး ပါဝင်လာစေဖို့ တွန်းအားပေးနေ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆင်ဟာ တရုတ်သမ္မတ ရှီဂျင်ပင်း အပါအဝင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီနဲ့ တရုတ်မြို့တော် ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားနဲ့ ညှိနှိုင်းစကားပြောဖို့ အလားအလာတွေ ရှာဖွေနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကို နျူးကလီးယားလက်နက်တွေ မထုတ်လုပ်ဖို့ တိုက်တွန်းရေးမှာ တရုတ်က အရေးပါတယ်လို့ အမေရိကန်အစိုးရက ယုံကြည်ထားတာ ဖြစ်ပါတယ်။

တရုတ်ဘက်ကလည်း ကုလသတ်မှတ်တဲ့ မြောက်ကိုရီးယားကို စီးပွားရေး ဒဏ်ခတ်မှု ပီပြင်စေဖို့ ဆန္ဒရှိကြောင်း ပြလာပေမယ့် အမေရိကန်ကိုလည်း တွေ့ဆုံဆွေးနွေးရေး အပိုင်းမှာ ပိုပြီး ပါဝင်လာစေဖို့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ဆွေးနွေးဖို့ ဆန္ဒရှိမရှိ မေးမြန်းဖို့အတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိခဲ့ဖူးတယ်လို့လည်း မစ္စတာ တေလာဆင်က ပြောပါတယ်။

ယခင်ကတော့ ဆွီဒင်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ဆွေးနွေး ပြောဆိုမှုမှာ ကြားခံပေးတဲ့ အခန်းကဏ္ဍကို ယူခဲ့ဖူးတယ်လို့ အများသိထားကြတာ ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံဟာ မြောက်ကိုရီးယားက အကျဉ်းကျခံ အမေရိကန်တွေ အတွက် နှစ်နိုင်ငံအကြား တဆင့်ခံ ဆက်သွယ်ပေးခဲ့ဖူးတဲ့အပြင် တကြား ဆက်သွယ်ပေးခဲ့တာတွေလည်း ရှိတဲ့အတွက် နှစ်ဖက် ယုံကြည်မှုအပေါ် အခြေခံပြီး နောက်ထပ် ကြားဝင်နိုင်ချေ ရှိတယ်လို့ ဆွီဒင် နိုင်ငံတကာ ဆက်ဆံရေး အဖွဲ့က တာဝန်ရှိသူတဦးက ပြောဆိုထားပေမယ့် ဆွီဒင်နိုင်ငံခြားရေး ဌာနကတော့ ဒီခန့်မှန်းပြောဆိုမှုတွေ အပေါ် မှတ်ချက် မပေးခဲ့ပါဘူး။

လာမယ့် နိုဝင်ဘာလမှာတော့ အမေရိကန်သမ္မတ ထရမ့်ကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ထရမ့်က မြောက်ကိုရီးယားကို ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကလည်း အမေရိကန်ဟာ ကိုယ့်သေတွင်း ကိုယ်တူးမယ့် နျူးကလီးယား အန္တရာယ် ဖိတ်ခေါ်တာမျိုး လုပ်နေတယ်လို့ ပြန်လည် တုန့်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ