လာ့စ်ဗေးဂတ်စ် သေနတ်သမား ဘယ်လို လူမျိုးလဲ

ဓာတ်ပုံ မူပိုင် PADDOCK FAMILY
Image caption ခုနှစ်သက္ကရာဇ် မသိရတဲ့ သံသယ တရားခံရဲ့ ဓာတ်ပုံ

အမေရိကန်ပြည်ထောင်စု လာ့စ်ဗေးဂတ်စ်မြို့က ဂီတပွဲ တခုကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူဟာ ပိုက်ဆံ ချမ်းသာတဲ့ စာရင်းကိုင်ဟောင်း တဦး ဖြစ်ခဲ့ပြီး အငြိမ်းစား ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းခဲ့သူလို့ သိရပါတယ်။

အငြိမ်းစား သက်ကြီးပိုင်းတွေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အခြေချ နေထိုင်ကြတဲ့ နီဗားဒါးပြည်နယ် မက်စ်ကိမြို့က အသက် ၆၄ နှစ် အရွယ် စတီဖင်ပက်ဒေါ့ဟာ လေယာဉ်ငယ်မောင်း လက်မှတ် ရထားသူ တဦးဖြစ်ပြီး လေယာဉ်ငယ် ၂ စင်း ပိုင်ဆိုင်တယ်လို့ အမေရိကန် သတင်းဌာနတွေက ပြောပါတယ်။

သူဟာ တရားဝင် အမဲလိုက်ခွင့် လိုင်စင် ရထားသူ ဖြစ်ပြီး ရာဇဝတ် ပြစ်မှု မှတ်တမ်းဟောင်း မရှိသူလို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့် သူဟာ လောင်းကစားကို သက်မွေးလုပ်ငန်းတခု သဖွယ် အကြီးအကျယ် ပြုလုပ်ခဲ့သူ ဖြစ်တယ်လို့ အရင်တုန်းက ပက်ဒေါ့နဲ့ အိမ်နီးချင်း ဖြစ်ခဲ့သူ တဦးက ဆိုပါတယ်။

သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားခဲ့ရသူလို့လည်း အမေရိကန် အရာရှိ တဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မန္တလေးဘေးဟိုတယ် ၃၂ ထပ်က မှန်ကွဲနေတဲ့ ပြတင်းပေါက်

ပက်ဒေါ့ဟာ လာ့စ်ဗေးဂတ်စ်က မန္တလေးဘေးဟိုတယ်ရဲ့ ၃၂ ထပ် အမြင့်ကနေ ကျေးလက်ဂီတ ဖျော်ဖြေပွဲလာသူ လူအုပ်ကြီးထဲကို မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ဒီ အမှုဟာ ခေတ်သစ် အမေရိကန် သမိုင်းမှာ လူသေမှု အမြင့်မားဆုံးဖြစ်ခဲ့ပြီး ၂၀၁၆ ဇွန်လ တုန်းက ဖြစ်ပွားခဲ့တဲ့ ဖလော်ရီဒါပြည်နယ် အော်လန်ဒို ညကပွဲရုံက လူ ၄၉ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုထက် လူသေမှု ပိုများခဲ့ပါတယ်။

ဒေသစံတော်ချိန် တနင်္ဂနွေညက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့ပြီး လူ အယောက် ၅၀ဝ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခင်းဖြစ်ပွားရာကနေ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ ပွဲလာပရိသတ်

ပက်ဒေါ့ဟာ မန္တလေးဘေးဟိုတယ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပြီး တည်းခိုနေခဲ့ပြီး သူ့ အခန်းထဲကနေ သေနတ် ၁၆ လက်ကို သိမ်းဆည်း ရမိတယ်လို့ လာ့စ်ဗေးဂတ်စ် နယ်ထိန်း ရဲအရာရှိ ဂျိူးဆက်ဖ် လွန်ဘာဒိုးက သတင်းထောက်တွေကို ပြောပါတယ်။

ပက်ဒေါ့ရဲ့ မက်စ်ကိက နေအိမ်မှာလည်း နောက်ထပ် သေနတ် ၁၈ လက်နဲ့ ကျည်အိမ် ထောင်ချီကိုလည်း တွေ့ရသလို နေအိမ်ဝင်း အတွင်းနဲ့ ကားပေါ်မှာလည်း ဖောက်ခွဲရေး ပစ္စည်းတွေ တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC-LAURA BICKER
Image caption လာ့စ်ဗေးဂစ်နားက အငြိမ်းစားတွေ နေထိုင်ကြတဲ့ ဆိတ်ငြိမ်ရပ်ကွက်က သေနတ်သမားရဲ့ နေအိမ်

ပက်ဒေါ့ဟာ ဒီနှစ် နွေဦးပေါက်တုန်းက သူ့ဆိုင်ကနေ သေနတ်တွေ ဝယ်ယူဖူးခဲ့တယ်လို့ နယူးဖရန်တီးယား လက်နက်ဆိုင်ပိုင်ရှင် ဒေးဗစ်ဖက်မစ်ရလီတီက ဘီဘီစီကို ပြောပါတယ်။ အဲဒီမှာ သူဟာ နီဗားဒါး ပြည်နယ်နဲ့ ဗဟို ပြည်ထောင်စု အဆင့် သတ်မှတ်ထားတဲ့ လက်နက် ဝယ်ယူခွင့် ဆိုင်ရာ လိုအပ်ချက်တွေ အကုန်လုံးကို ပြည့်မီခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်ဝယ်ယူခွင့် ပြည့်မီချက်တွေမှာ ဖက်ဒရယ် ဗြူရို စုံစမ်းထောက်လှမ်းရေး အဖွဲ့ (အက်ဖ်ဘီအိုင်) ရဲ့ နောက်ခံ ရာဇဝင် စစ်ဆေးမှုတွေမှာပါ ပက်ဒေါ့က အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူ့ဆီက ဝယ်ယူခဲ့တဲ့ အနီးပစ် ပြောင်းချောသေနတ်နဲ့ ပြောင်းရစ်ပါတဲ့ ပြောင်းရှည် ရိုင်ဖယ် တွေဟာ ထပ်ဆောင်း ပြုပြင်တာတွေ မလုပ်ဘဲနဲ့ အခု ပစ်ခတ်မှု မှတ်တမ်း ဗီဒီယိုမှာ မြင်ခဲ့၊ ကြားခဲ့ရတဲ့သလို စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ မစ္စတာ ဖက်မစ်ရလီတီက ပြောပါတယ်။

အက်ဖ်ဘီအိုင်ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ နိုင်ငံရပ်ခြားက အကြမ်းဖက် အဖွဲ့ တခုခုနဲ့ ပက်ဒေါ့ ဆက်နွှယ်နေတာမျိုးကို မတွေ့ရဘူးလို့ ဆိုပါတယ်။

ပက်ဒေါ့ရဲ့ ဖခင်က အက်ဖ်ဘီအိုင်ရဲ့ အလိုချင်ဆုံး တရားခံပြေး စာရင်းဝင် ဘဏ်ဓားပြ တယောက် ဖြစ်ပြီး ထောင်ကနေလည်း ထွက်ပြေးဖူးတယ်လို့ ပက်ဒေါ့နဲ့ ညီအစ်ကို တော်စပ်သူ အဲရစ်ပက်ဒေါ့က သတင်းထောက်တွေကို ပြောပါတယ်။

ပက်ဒေါ့ဟာ ဒေါ်လာ သောင်းဂဏန်းချီ လောင်းကစားတာတွေ အခု လတ်တလောမှာ ပြုလုပ်ခဲ့တယ်လို့ အန်ဘီစီ သတင်းဌာနက ဆိုပါတယ်။ ဒါပေမယ့် အဲဒီမှာ သူ နိုင်ခဲ့သလား၊ ရှုံးခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ပက်ဒေါ့ရဲ့ အခြား ညီအစ်ကို တယောက်ဖြစ်သူ ဘရူ့စ်ပက်ဒေါ့က အန်ဘီစီကို ပြောဆိုရာမှာတော့ စတီဖင်ပက်ဒေါ့ဟာ သန်းပေါင်းများစွာ ကြွယ်ဝတဲ့ အိမ်ခြံမြေ ရင်းနှီးမြှပ်နှံသူ တဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

စတီဖင်ပက်ဒေါ့ဟာ သူ့ အိမ်မှာပဲ တံခါးပိတ် ယင်းလိပ်ချ ထီးထီး သင်းသီး နေတတ်သူ လူထူးလူဆန်း တယောက် ဖြစ်တယ်လို့ သူနဲ့ အိမ်နီးနားချင်း ဖြစ်ခဲ့သူ အသ က် ၇၉ နှစ် အရွယ် ဒိုင်ရန်းမက်ကေးက ဝါရှင်တန်ပို့စ် သတင်းစာကို ပြောပါတယ်။

လူ အမြောက်အမြား သေဆုံးစေခဲ့တဲ့ အခု ပစ်ခတ်မှုကို ပက်ဒေါ့ ဘာကြောင့်ကျူးလွန်ခဲ့တယ် ဆိုတဲ့ အကြောင်းရင်းကိုတော့ ရဲတွေက ရှာဖွေ နေဆဲ ဖြစ်ပါတယ်။

Image caption လာ့စ်ဗေးဂတ်စ် သေနတ်ပစ်ခတ်မှု အမေရိကန် ခေတ်သစ်သမိုင်းမှာ လူသေမှုအများဆုံး

ဘီဘီစီ တဝန်း