လန်ဒန်မှာ လမ်းသွားလမ်းလာတွေကို ကားနဲ့ဝင်တိုက်မှုဖြစ်

ဓာတ်ပုံ မူပိုင် @DAMOHACK
Image caption စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး လူတဦးကို ဖမ်းဆီးထား

လန်ဒန်မြို့ ကန်ဆင်တန်တောင်ပိုင်းက သဘာဝသမိုင်းပြတိုက်အနီးမှာရှိတဲ့ ပြပွဲလမ်းမမှာ လမ်းသွား လမ်းလာတွေကို ကားတစီးက ဝင်တိုက်ခဲ့တဲ့အတွက် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒီအနီးအနား ပတ်ဝန်းကျင်က လမ်းတွေကို ပိတ်ထားပြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်သလို လူတဦးကို ဖမ်းဆီးထားတယ်လို့ ရဲတွေက ပြောပါတယ်။

အခုလို ဖြစ်တာကို ပြတိုက်က ထွက်လာပြီး မျက်မြင်တွေ့ခဲ့သူ ဘီဘီစီ သတင်းထောက် ကလိုး ဟေးဝါ့ဒ် ရဲ့ အပြောအရကတော့ ကားတစီးဟာ လမ်းကို ကန့်လန့်ဖြတ် ဝင်လာတာပြီး ပြတိုက်နားက လမ်းဘေး အကာအရံတခုကို ဝင်တိုက်ခဲ့ပုံရသလို ကားရဲ့ လားရာ လူသွား စင်္ကြန်ပေါ်မှာလည်း လူ အနည်းဆုံး ၂ ယောက်လောက် ရှိနေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အခုလို ဒဏ်ရာရသူတွေရှိပေမယ့် ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ရဲတွေက တဆင့် သိရကြောင်း အဲဒီ သတင်းထောက်က ပြောပါတယ်။

အခုလို အခင်းဖြစ်တဲ့ နေရာကို ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က သူဟာ ဒီနေရာတဝိုက်မှာ ရဟတ်ယာဉ်တွေ၊ လက်နက်ကိုင်ရဲတွေ ရောက်လာတာကိုလည်း တွေ့ခဲ့ရပြီး လူနာတင်ကားပေါ်ကို လူတယောက်တင်လိုက်တာ တွေ့လိုက်ပေမယ့် ဘယ်လောက် အခြေအနေ ဆိုးသလဲ ဆိုတာ မရှင်းလင်းဘူးလို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒဏ်ရာရသူတွေရှိပေမယ့် ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ရဲတွေက တဆင့် သိရ

နောက်ထပ် မျက်မြင်သက်သေ တဦးရဲ့ အပြောအရတော့ ကားတစီးဟာ လူသွားစင်္ကြန်ပေါ်ကို တက်မောင်းသွားတာ တွေ့လိုက်ရတဲ့အတွက် လွတ်ရာ ထွက်ပြေးခဲ့ရပြီး နောက်ပိုင်းမှာတော့ ရဲတွေက လူတယောက်ကို ချုပ်နှောင်ထားတာ မြင်ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ပြတိုက်ထဲဝင်ဖို့ တန်းစီနေတဲ့ သူတဦးကတော့ ကားသံနဲ့ ဝင်တိုက်သံကြားလိုက်ရတဲ့အတွက် အားလုံးအော်ဟစ်ပြီး ပြတိုက်ထဲ ပြေးဝင်ကုန်ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ လုံခြုံရေးအစောင့်တွေက အပြင်ကို ထွက်သွားပြီး ပြတိုက် အဓိကဝင်ပေါက်ကို ပိတ်လိုက်ကြပေမယ့် ရဲတွေ ရောက်မလာခင်မှာ ဘယ်လိုဖြစ်သလဲဆိုတာ မသိပဲ ဖြစ်နေခဲ့တယ်လို့ သူက ပြောပါတယ်။