ဘရာဇီးတောင်ပိုင်း ခွဲထွက်ရေး ဆန္ဒခံယူ

Image caption အကျင့်ပျက် ခြစားနေတာကြောင့် တောင်ပိုင်း ပြည်နယ် တွေမ ဗဟို အစိုးရကို စိတ်ပျက်

ဘရာဇီး တောင်ပိုင်းက ပြည်နယ် သုံးခု မှာ နိုင်ငံအသစ် ထူထောင်မလား ဆန္ဒခံပွဲမှာ လူတွေ မဲထွက်ပေးနေကြပါတယ်။

တောင်ပိုင်း ဟာ ကျွန်တော်တို့ နိုင်ငံ ဆိုတဲ့ ခွဲထွက်ရေး လှုပ်ရှားမှုက ကြီးမှူးပြီး ဒီ ဆန္ဒခံယူပွဲကို သင်္ကေတ တခုအဖြစ် ကျင်းပခဲ့တာပါ။

ပြည်နယ် သုံးခုက မြို့နယ် တထောင်ကျော်မှာ လူတွေ မဲပေးနေကြတာ ဖြစ်ပါတယ်။

ဘရာဇီးမှာ စီးပွားရေး ကျပြီး အကျင့်ပျက် ခြစားနေတာကြောင့် တောင်ပိုင်း ပြည်နယ် တွေမှာ ဗဟို အစိုးရကို ပို စိတ်ပျက်နေကြတာလို့ ဒီ ခွဲထွက်ရေး အုပ်စု ခေါင်းဆောင်က ဆိုပါတယ်။

ဒီတခါ ဆန္ဒခံပွဲမှာ မဲ သုံးသန်း ရမယ်လို့လည်း ဆိုပါတယ်။

ဘရာဇီး တောင်ပိုင်းက ရတဲ့ အခွန်တွေနဲ့ မြောက်ပိုင်းက ဆင်းရဲတဲ့ နယ်တွေကို ခွဲဝေ သုံးစွဲပေးရတာကိုလည်း ဒေသခံတွေက မနှစ်မြို့ကြ ပါဘူး။

မြောက်ပိုင်း ပြည်နယ်တွေက တောင်ပိုင်းထက် အရေအတွက် ပိုများလို့ မဲအရေအတွက် အသာစီးရနေတာ ဖြစ်ပါတယ်။

အရင်ကလည်း ဘရာဇီး တောင်ပိုင်း ခွဲထွက်ရေး လှုပ်ရှားမှုတွေ ရှိခဲ့ပြီး တစိတ်တပိုင်း လွတ်လပ်တဲ့ အနေအထားမျိုး ၁၉ ရာစုက ရခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CARL DE SOUZA
Image caption ဘရာဇီး နိုင်ငံရေး သမားတွေကို ထောက်ခံမှု ကျဆင်း

မနှစ်က အလားတူ ဆန္ဒခံပွဲမှာ မဲ ခြောက်သိန်းကျော် ရခဲ့ပြီး မဲပေးသူ ၉၅ ရာခိုင်နှုန်းကျော်က ခွဲထွက်ရေး လိုလားကြောင်း ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒီခွဲထွက်ရေး အောင်မြင်မယ်လို့ ဘရာဇီး နိုင်ငံသား အများစုက မယူဆပါဘူး။

ဘရာဇီး အခြေခံ ဥပဒေအရ ပြည်နယ်တွေ ခွဲထွက်ခွင့်ကို ခွင့်မပြုပါဘူး။

ဘရာဇီး နိုင်ငံတဝှမ်း အနှစ်တရာကျော်မှာ အဆိုးရွားဆုံး စီးပွားရေး ကျမှုကို ကြုံနေရလို့ လူတွေက ဗဟို အစိုးရကို စိတ်ကုန်တာကို ဒီမဲရလဒ်တွေက ပြနေတယ်လို့ ဆိုကြပါတယ်။

ခြစားမှုကို မတိုက်ဖျက်နိုင်လို့ နောက်နှစ် ရွေးကောက်ပွဲမှာ ဘရာဇီး နိုင်ငံရေး သမားတွေကို ထောက်ခံမှု ကျဆင်းလိမ့်မယ်လို့လည်း အကဲခတ်တွေက သုံးသပ်နေကြပါတယ် ။