ထိုင်းစစ်အစိုးရက ရှေ့နှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်

Image caption ၂၀၁၈၊ နိုဝင်ဘာလထဲ ရွေးကောက်ပွဲ ကျင်းပမယ်

ထိုင်းနိုင်ငံမှာ ရှေ့လာမယ့် နှစ်ကျရင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထိုင်း စစ် အစိုးရက ကြေညာပါတယ်။

၂၀၁၈၊ နိုဝင်ဘာ လထဲမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သတင်းထောက် တွေကို ပြောပါတယ်။

ရက် အတိအကျကိုတော့ လာမယ့် ဇွန်လထဲ သတ်မှတ်မှာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်က အာဏာ သိမ်းခဲ့ပြီး ၃ နှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ ထပ်ပြန်တလဲလဲ ရွှေ့ဆိုင်း နေခဲ့ပါတယ်။

ထိုင်း နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ ပြင်ဆင်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေအပေါ် စိုးရိမ်မှုတွေ ရှိနေတယ် ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ အချိန် ဆွဲနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗိုလ်ချုပ်ကြီး ပရာယွတ် အမေရိ်ကန်မှာ ရှိနေတုန်း သမ္မတ ထရမ့်နဲ့ တွေ့ဆုံ အပြီးမှာ ၂၀၁၈ ကျရင် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးကို ပြန်သွားဖို့ ထိုင်းက ဆုံးဖြတ်တာကို ကြိုဆိုတယ်လို့ ထရမ့်က ပြောဆို ခဲ့ပါတယ်။

အဲဒီတုန်းက နောက်နှစ် ရွေးကောက်ပွဲ ရှိတယ်လို့ ထိုင်း စစ်အစိုးရက မပြောသေးတဲ့ အချိန် ဖြစ်လို့ ထရမ့်ရဲ့ စကားအပေါ် လူတွေ သို့လောသို့လော ဖြစ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီး ပရာယွတ်က ရွေးကောက်ပွဲ လုပ်ပေးမယ့် အကြောင်း အခုလို ထုတ်ပြောလာတာ ဖြစ်ပါတယ်။