ကွန်ဂိုက ချက်ခြင်းဆက်အမြွှာ ကံထူးလှစွာ အသက်ရှင်

ဓာတ်ပုံ မူပိုင် JACKLYN REIERSON, MAF
Image caption ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံက ဝေးလံခေါင်သီတဲ့ အရပ်ဒေသမှာနေထိုင်တဲ့မိသားစု

ကွန်ဂို ဒီမိုကရက်တစ်သမ္မတ နိုင်ငံအတွင်းက ဝေးလံခေါင်သီတဲ့ရွာကလေးမှာ မွေးဖွားလာခဲ့တဲ့ အမြွှာ ကလေးငယ်နှစ်ဦးဟာ ၁၅နာရီကြာခရီးကြမ်းကို အပေါ့စားမော်တော်ဆိုင်ကယ် နောက်ကနေလိုက်ပါပြီး ခွဲစိတ်ဖို့သွားရောက်ခဲ့ရပါတယ်။

အဲ့ဒီလိုအနီးဆုံးဆေးရုံကိုသွားရောက်ခဲ့ပေမယ့်လည်း ဒီအမြွှာ ကလေးငယ်တွေကိုသီးသန့်စီဖြစ်ဖို့ ခွဲစိတ်မှု ဟာ အလွန်ရှုပ်ထွေးပြီးဆေးရုံငယ်လေးမှာ ခွဲစိတ်ဖို့မဖြစ်နိုင်တာကြောင့် မိုင် ၃၀ဝ ကျော်အကွာ ကင်ရှာဆမြို့ မှာရှိတဲ့ဆေးရုံကို ထပ်မံလွှဲပြောင်း ပေးခဲ့တာပါ။

ဗန်ဂဆေးရုံမှာခွဲစိတ်မှုကို ပြုလုပ်မပေးနိုင်တာကြောင့် မြို့တော် ကင်ရှာဆ ကို လေယာဉ်ငယ်နဲ့ ထပ်မံသွား ရောက်ခဲ့ရပါတယ်။

အဲ့ဒီမှာ ကလေးငယ်နှစ်ယောက်ကို စေတနာ့ဝန်ထမ်း ခွဲစိတ်ကုဆရာဝန်အဖွဲ့ကနေ ခွဲစိတ်ပေးခဲ့ပါတယ်။

တပတ်သားသာရှိသေးတဲ့ အမြွှာမိန်းကလေးငယ်နှစ်ဦးဟာ အစိုးရမရတဲ့ရာသီဥတုကြားမှာ မိုင် ၈၇၀ ရှည်တဲ့ခရီးကို ကြံ့ကြံ့ခံဖြတ်သန်းပြီးသွားခဲ့ရတာပါ။

သီးသန့်စီ ခွဲစိတ်ပြီးတဲ့နောက်မှာ အမြွှာကလေးငယ် နှစ်ဦးစလုံး အသက်ရှင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် JACKLYN REIERSON, MAF
Image caption အရေးပေါ်လေယာဉ်ငယ်နဲ့ အမြွှာကလေးငယ်နှစ်ဦးကိုခွဲစိတ်ဖို့သွားရောက်ခဲ့

သူတို့နှစ်ဦးဟာ ချက်ချင်းဆက်နေတာကလွဲရင် တခြားကိုယ်တွင်းအင်္ဂါတွေတော့ ဆက်စပ်နေခြင်းမရှိပါဘူး။

မွေးဖွားမှုအကြိမ် ၂သိန်းမှာ တကြိမ်ပါနိုင်တဲ့ ဒီလိုဆက်နေတဲ့ အမြွှာတွေဟာ အသက်ရှင်သန်ဖို့ရာ ခဲယဉ်းလှပါတယ်။ အထူးသဖြင့် ဝေးလံခေါင်သီတဲ့နေရာမှာ ကျွမ်းကျင်ဆေးဝန်ထမ်းရဲ့ အကူညီမပါဘဲ မွေးလာတဲ့ ဒီလို ကိုယ်ချင်းဆက် အမြွှာတွေအနေနဲ့ အသက်ရှင်သန်ဖို့ဆိုတာ ဘယ်လိုမှမသေချာတဲ့ အရာတခုပါပဲ။

ဒါပေမဲ့ အာဖရိကအနောက်ပိုင်းက မူဇွန်ဘိုလို့အမည်ရတဲ့ ရွာကလေးမှာ ဆရာဝန်အကူညီမပါဘဲ သဘာဝ အတိုင်း မွေးလာတဲ့ ဒီကလေးနှစ်ယောက်ရဲ့ အဖြစ်ကတော့ ဆရာဝန်ကို အံ့အားသင့်စေခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ သူမတို့နှစ်ဦးကို စောင့်ကြည့်နေဆဲပဲ ဖြစ်ပါတယ်။

အန်နစ်နဲ့ ဒတ်စတင်လို့အမည်ပေးတဲ့ ကလေးမလေးနှစ်ယောက်ကို သုံးပတ်ကြာပြီးတဲ့နောက်မှာတော့ သူတို့ရွာကိုပြန်ခေါ်လာခဲ့ပါပြီ။

ဓာတ်ပုံ မူပိုင် JACKLYN REIERSON, MAF
Image caption သီးသန့်စီခွဲစိတ်ပြီးနောက် ကျန်းမာစွာမြင်တွေ့ရတဲ့ အမြွှာကလေးငယ်နှစ်ဦး

ဗန်ဂဆေးရုံမှာ သူတို့ကိုစောင့်ကြပ်ကုသပေးနေတဲ့ ဆရာဝန်ဖြစ်သူ ဒေါက်တာဂျုနီယာမဒ်ဂျီ ကတော့ သူတို့ဟာ ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်နိုင်နေပြီ။ ယေဘုယျအားဖြင့်တော့ အားလုံးပုံမှန် အခြေနေမှာ ရှိနေတယ်လို့ဆိုပါတယ်။

ဒေါက်တာမဒ်ဂျီကတော့ ဒီလိုဆက်နေတဲ့အမြွာခွဲစိတ်မှုဟာ ကွန်ဂိုမှာတော့ ပထမဆုံးဖြစ်လိမ့်မယ် လို့ ယုံကြည် နေပါတယ်။