ကယ်လီဖိုးနီးယား တောမီး အကြီးအကျယ် ဆက်လောင်

Image caption လူတစ်သိန်းကျော် ထွက်ပြေးရ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ သမိုင်းမှာ အဆိုးဆုံး ကြုံတွေ့နေရတဲ့ တောမီး ဟာ သီတင်းတစ်ပတ် နီးပါး ကြာချိန် အထိ ဆက်လောင် လောင်ကျွမ်း နေပါတယ်။

လူ့ အသက်ပေါင်း ၄ဝ ဆုံးရှုံးခဲ့ရပြီလို့ အတည်ပြုထားနိုင်ချိန်မှာ ရာနဲ့ချီပြီးတော့လည်း ပျောက်ဆုံး နေဆဲ ဖြစ်ပါတယ်။

တောနယ်ဘက်ခြမ်းတွေ တောက်လျောက် အကြီးအကျယ် မီးသင့် ခဲ့ပြီး အိုးအိမ်တွေ ထောင်ပေါင်းများစွာ ပျက်စီးနှင့်ပြီ ဖြစ်ပေမယ့်လည်း ဆက်လက် လောင်နေတဲ့ နေရာ ၁၆ နေရာမှာ မီးသတ် သမားတွေ ဆက်လက် ငြိမ်း သတ်နေရပါတယ်။

ဆန်ဖရန်စ္စကိုမြောက်ပိုင်းမှာ လေပြင်းတိုက်လာပြန်တဲ့ အတွက် တောမီး ပို အားကောင်း လာပြန်လို့ နောက်ထပ် လူတွေ ထောင်နဲ့ချီ ပြီးတော့လည်း အိုးအိမ်တွေကနေ စွန့်ခွာ ခဲ့ရပြီး အခုဆိုရင် တောမီးကြောင့် ထွက်ပြေးကြရသူတွေ တပြည်နယ်လုံးမှာ တစ်သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။

ပြည်နယ် သမိုင်းမှာ အဆိုးရွားဆုံး ကြုံတွေ့ရတဲ့ တောမီးလောင်မှု ဖြစ်ပြီး အပြင်းထန် အထိခိုက်ဆုံး အခြေအနေကို ရင်ဆိုင် နေရတာ ဖြစ်တယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှုး ဂျယ်ရီဘရောင်းက ဆိုပါတယ်။

Image caption ဆန်တာရိုဇာ ကနေ လူ ၃ ထောင် ကယ်ထုတ်

တနိုင်ငံလုံးက မီးသတ် သမားတွေ သောင်းနဲ့ချီ ရောက်လာပြီး ကူညီ နေရရုံမက၊ နိုင်ငံရပ်ခြားက အကူအညီတွေပါ ရောက်လာ နေကြပါတယ်။

ဒါပေမယ့်လည်း လေဟာ တစ်နာရီ ၄၅ မိုင် နှုန်းထိ ပြင်းနေလို့ နောက်ထပ် မြို့ရွာတွေ ဆီကိုပါ မီးကူး နေပါတယ်။

အဆိုးရွားဆုံး မီးသင့်ခံရတဲ့ မြို့တွေထဲ ဆိုနိုမာ ဝိုင်ထုတ်ရာ ဒေသက ဆန်တာရိုဇာ မြို့လည်း ပါပြီး စနေနေ့ကတော့ လူ ၃ ထောင် ကို ကယ်ထုတ် ခဲ့ရပါတယ်။

မီးလောင်တဲ့ နေရာကနေ မိုင် ၅ဝ လောက် ဝေးတဲ့ ဆန်ဖရန်စ္စကို မြို့ပေါ် အထိ မီးခိုးတွေ ရောက်နေသလို၊ ပြာမှုန်တွေပါ ကျနေပါတယ်။

Image caption ဝိုင်ချက်တဲ့ စပျစ်ခင်းတွေ ပျက်စီး

ဝိုင်ထုတ်လုပ်ရာ အဓိက အရပ် ဖြစ်တဲ့ ကယ်လီဖိုးနီးယားရဲ့ နာပါ ဗယ်လီ ဝိုင် စက်ရုံပေါင်း အနည်းဆုံး ပျက်စီး ခဲ့ပြီး ဖြစ်တဲ့ အတွက် ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့ စီးပွားရေး ဆုံးရှုံး ခဲ့ရတာ ဖြစ်တယ်လို့ ဝိုင် လုပ်ငန်းရှင်တွေက ပြောနေကြပါတယ်။