နောက်ထပ် ကာ့ဒ် မြို့ တစ်ခု ကို အီရတ်တွေ သိမ်းပိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်တယ်လို့ ပက်ရှ်မာဂါ တပ်ဖွဲ့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ဟက်ဇာ အစ္စမေးလ် က ပြောကြား

အီရတ်နိုင်ငံက ကာ့ဒ်စ်တွေ သိမ်းပိုက်ထားတဲ့ ကာကွတ် ရေနံမြို့ကို အီရတ် အစိုးရ တပ်ဖွဲ့တွေသိမ်းပိုက်ခဲ့အပြီး နာရီပိုင်း အကြာမှာပဲ နိုင်ငံ မြောက်ပိုင်းက ကာ့ဒ်စ်တွေ အခိုင်အမာ တပ်စွဲထားတဲ့ နောက်မြို့တမြို့ကို ထပ်သိမ်းပိုက် လိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲတွေ မဖြစ်ခဲ့ပဲ တနင်္လာနေ့ညက ကာ့ဒစ်ရှ် ပက်ရှ်မာဂါ လက်နက်ကိုင်တွေ ဆုတ်ခွာသွားခဲ့အပြီး အစိုးရ ထောက်ခံတဲ့ ယာဇီဒီ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဆင်ဂျာမြို့ကို ဝင်ရောက် သိမ်းပိုက်ခဲ့ကြတာပါ။

အီရတ်တပ်ဖွဲ့တွေက အဲန်ဆာ စစ်ဆင်ရေးအတိုင်း လုပ်နေတာ ဖြစ်ပြီး ဒါဟာ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်တယ်လို့ ပက်ရှ်မာဂါ တပ်ဖွဲ့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ဟက်ဇာ အစ္စမေးလ် က ပြောကြားပါတယ်။

ကာ့ဒ်စ်လူမျိုး ၄သိန်း ဒါမှမဟုတ် ၅သိန်းလောက် ဟာ ရှီဟာ လက်နက်ကိုင်တွေ အသတ်ခံရမှာ ကို ကြောက်တဲ့အတွက် ကာကွတ်မြို့ကနေ ထွက်ပြေးခဲ့ကြကြောင်း ပြောသွားပါတယ်။

အခုအခါ ကာကွတ်မြို့ မြောက်ပိုင်းက အရေးပါတဲ့ ရေနံမြေ နှစ်ခုနဲ့ အရှေ့တောင် ဘက်အခြမ်းအထိ အီရတ် တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ဖယ်ဒရယ် ရဲအဖွဲ့က ပြောပါတယ်။

အီရန် နယ်စပ်မှာ ရှိတဲ့ ကာနာကင်ဒေသမှာ ရှိတဲ့ ပက်ရှ်မာဂါ လက်နက်ကိုင်တွေရဲ့ စခန်းတွေကို အီရတ် တပ်ဖွဲ့တွေ ဝင်သိမ်းဖို့ ပြင်နေချိန်မှာပဲ အဲဒီဒေသကနေ ပက်ရှ်မာဂါ လက်နက်ကိုင်တွေ ဆုတ်ခွာသွားခဲ့ပါတယ်။