တရုတ်အုပ်ချုပ်သူကို ရွေးမယ့် ညီလာခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံတဝှမ်းက ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ် ၂၀ဝ၀ ကျော်ဟာ ဒီညီလာခံကို တက်ရောက်နေ

တရုတ်ကွန်မြူနစ်ပါတီရဲ့ ညီလာခံကို အောက်တိုဘာလ ၁၈ ရက်နေ့ကစလို့ မြို့တော် ဘေကျင်းမှာ စတင်ကျင်းပနေပါတယ်။

တရုတ်ဟာ ခေတ်သစ်ကို ချဉ်းနင်း ဝင်ရောက်ခဲ့ပြီ ဖြစ်ပြီး ကမ္ဘာ့ရဲ့ ဗဟိုချက်မ ဖြစ်လာစေဖို့အတွက် ကြိုးပမ်းသွားကြဖို့ သမ္မတ ရှီကျင်းပင်က တိုက်တွန်းခဲ့ပါတယ်။

လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်နေတဲ့ တရုတ်ပြည်အဖို့ ဆိုရှယ်လစ် အယူအဆဟာ တရုတ်ရဲ့ ပင်ကိုယ် လက္ခဏာဖြစ်ပြီး အဲဒီ လက္ခဏာဟာ အခြားနိုင်ငံတွေ အတွက် သဘောတရားအသစ် အနေနဲ့ ရွေးချယ်စရာ ဖြစ်လာစေဖို့ ပြသရမယ်လို့ ရှီကျင်းပင်က သူ့ရဲ့ ကွန်ဂရက် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။

တံခါးပိတ်အနေနဲ့ ပြုလုပ်တဲ့ သူတို့ရဲ့ ထိပ်သီး ညီလာခံဟာ လာမယ့် ၅ နှစ် သက်တမ်းအတွက် တရုတ်နိုင်ငံကို ဘယ်သူအုပ်ချုပ်မလဲဆိုတာကို ဆုံးဖြတ်ရွေးချယ်ကြမှာဖြစ်ပါတယ်။

မစ္စတာရှီအနေနဲ့ ပါတီကို ဆက်လက် ဦးဆောင်သူ အဖြစ် ကျန်ရှိနေမယ်လို့ အများက မျှော်လင့်ထားကြပါတယ်။ ငါးနှစ် တကြိမ် ကျင်းပလေ့ရှိတဲ့ ကွန်ဂရက်ဟာ လာမယ့် အင်္ဂါနေ့မှာ ပြီးဆုံးမှာပါ။

ဓာတ်ပုံ မူပိုင် Kevin Frayer
Image caption နိုင်ငံတဝှမ်းက ကွန်မြူနစ် ပါတီရဲ့ ကိုယ်စားလှယ် ၂ဝဝဝ ကျော် ဒီညီလာခံကို တက်ရောက်

လုံခြုံရေး တင်းကျပ်စွာချ ထားတဲ့ အကြားကပဲ နိုင်ငံတဝှမ်းက ကွန်မြူနစ် ပါတီရဲ့ ကိုယ်စားလှယ် ၂ဝဝဝ ကျော် ဒီညီလာခံကို တက်ရောက်နေတာပါ။

ကွန်ဂရက်ပြီးလို့ မကြာခင်မှာပဲ တရုတ်ရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ အမြင့်ဆုံး တာဝန်ရှိသူတွေ ၊ ပါတီရဲ့ ပေါ်လစ်ဗျူရို ကော်မတီဝင်တွေနဲ့ ဦးဆောင် ကော်မတီဝင်တွေက ဘယ်သူတွေလဲဆိုတာ ပေါ်ထွက်လာဖို့ မျှော်လင့် ရပါတယ်။

တရုတ်ကွန်မြူနစ် ပါတီ ညီလာခံ က သမ္မတ ကို ဘယ်လိုရွေးသလဲ

ရှီကျင်းပင်ရဲ့ ၃ နာရီတာ ကြာမြင့်တဲ့ မိန့်ခွန်းမှာတော့ ဆိုရှယ်လစ်စနစ် ကျင့်သုံးတဲ့ တရုတ်ဟာ ကမ္ဘာမှာ သြဇာကြီးတဲ့ အခန်းကဏ္ဍမှာ ရောက်နေပြီး စုပေါင်းဆောင်ရွက်မှု သမိုင်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ် လို့လည်း ရှီကျင်းပင်က ပြောပါတယ်။

ဒီအချိန်ဟာ ကမ္ဘာ့ဗဟိုချက်မကို သွားရမယ့် အချိန်ဖြစ်ပြီး တရုတ်ရဲ့ စုပေါင်းဆောင်ရွက်မှု အတွေ့အကြုံတွေကို အခြားနိုင်ငံတွေ အတွက် ကူညီမျှဝေ ပေးရမယ်လို့ သမ္မတရှီက ဆိုပါတယ်။

သူအာဏာရတဲ့ ၂ဝ၁၂ ခုနှစ်နောက်ပိုင်းက စလို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့ပေမယ့် တိုင်းပြည်အတွင်းက သူ့ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ အုပ်ချုပ်မှု လူ့အခွင့်ရေး လှုပ်ရှားသူတွေ၊ ရှေ့နေတွေ ကို ဖမ်းဆီးတာ ၊ စာပေ စိစစ်မှုတွေ ပိုလုပ်လာခဲ့တာကြောင့် အာဏာရှင် ပိုဆန်တဲ့ အပြုအမူ ကျင့်သုံးသူ ဖြစ်လာခဲ့ပါတယ်။

တရုတ် နိုဘယ် ဆုရှင် လွတ်မြောက်လာ

တရုတ် သမ္မတ မလာခင် ဟောင်ကောင်က ဒီမိုကရေစီ သမားတွေ ထိန်းသိမ်းခံရ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ် တရားရုံးချုပ် ကဘာတွေပြောလဲ

ရှီကျင့်ပင်ဟာ သူ့ရဲ့အရင် အဆက်ဆက် တရုတ်ခေါင်းဆောင်တွေထက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမိုလွန်ကဲတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

သုံးနာရီကြာ မိန့်ခွန်းကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုခဲ့သလို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပါတီအနေနဲ့ မယုံနိုင်လောက်တဲ့ အောင်မြင်မှုတွေ ရခဲ့ပြီး နိုင်ငံတကာမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ကလည်း ပိုမို အရေးပါလာခဲ့တယ်လို့ သူက ပြောဆိုသွားပါတယ်။

သူ့ရဲ့ ပါတီနဲ့ နိုင်ငံအတွက် ရည်မှန်းချက်နဲ့ သက်ဆိုင်တဲ့ မိန့်ခွန်းထဲမှာ အဓိကကျတဲ့ အကြောင်းအရာကတော့ နိုင်ငံရေး သဘောတရားရေးရာနဲ့ ပတ်သက်လို့ ယုံကြည်မှုရှိရှိ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ကာလအတွင်းမှာပဲ ကွန်မြူနစ်ပါတီရဲ့ အာဘော် သတင်းမီဒီယာတွေကတော့ ဒီမိုကရေစီ စနစ်ကျင့်သုံးပြီး အကျပ်အတည်းတွေ ကြုံနေရကာ ပရမ်းပတာ ဖြစ်နေတဲ့ အနောက်နိုင်ငံတွေရဲ့ အခြေအနေနဲ့ ညီညွတ်တယ် ဆိုတဲ့ တရုတ်အကြား တည်ငြိမ်မှုကို နှိုင်းယှဉ် ဖော်ပြမှုတွေ ပြုလုပ်နေကြပါတယ်။

သူ့အနေနဲ့ အခြားနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို အတုယူ ပုံတူပွားတာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း ရှီကျင့်ပင်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် GREG BAKER
Image caption ပါတီ ကွန်ဂရက် အတွင်း လုံခြုံရေး တင်းကျပ်နေ

ပါတီရဲ့ ၁၉ ကြိမ်မြောက် ညီလာခံကျင်းပနေတုန်း ဘေကျင်းမြို့တော် တခွင် မှာတော့ ပါတီညီလာခံနဲ့ ပတ်သက်တဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေ နဖူးစည်းတွေကို လွှင့်ထူထားပါတယ်။

ညီလာခံကျင်းပမှုကြောင့် ဘားတွေ ညကလပ်တွေနဲ့ ကာရာအိုကေ ခန်းမတွေ အပါအဝင် စားသောက်ဆိုင်တွေလည်း ပိတ်ထားရတယ်လို့ ဆိုကြပါတယ်။

နိုင်ငံ မီဒီယာတွေ ကတော့ ရှီကျင်းပင်ရဲ့ နိုင်ငံရေး အယူအဆတွေနဲ့ မူဝါဒဆိုင်ရာ ပြောဆိုချက်တွေကို အခြေခံလို့ ပါတီရဲ့ စည်းမျဉ်းတွေနဲ့ တရုတ် အခြေခံ ဥပဒေကို ပြင်ဆင်ဖွယ်ရှိတယ်လို့ ဖော်ပြနေကြသလို ရှီကျင့်ပင် ကိုလည်း ကွန်မြူနစ် ပါတီရဲ့ ခေါင်းကိုင် ဖြစ်တဲ့ မော်စီတုန်း အနေအထားလောက် အထိ စိတ်ဓာတ်ပိုင်း ဆိုင်ရာ မြှင့်တင်ပေးနိုင်သူ ဖြစ်လာလိမ့်မယ်လို့ ရေးသား ဖော်ပြနေကြပါတယ်။