ရှီကျင်းပင်အတွေးအခေါ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၉ ကြိမ်မြောက်ပါတီညီလာခံမှာ သမ္မတ ရှီကျင်းပင် မိန့်ခွန်း ပြောကြားစဉ်

ရှီကျင်းပင်ဟာ သူ့ရဲ့ ကိုယ်ပိုင်နိုင်ငံရေးသဘောတရားကို ထူထောင်ခဲ့ပြီလို့ တရုတ်အစိုးရရဲ့ သတင်းမီဒီယာဖြစ်တဲ့ ရှင်ဟွာ သတင်းဌာနက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတရှီကျင်းပင်ရဲ့ နိုင်ငံရေးသဘောတရားကို ရှီကျင်းပင်အတွေးအခေါ်လို့ နာမည်မှည့်ခေါ်ထားတယ်လို့ ကျန်တဲ့ တခြားပါတီခေါင်းဆောင်တွေကို ကိုးကားပြီး ရှင်ဟွာသတင်းဌာနက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံရေး သဘောတရားတရပ်အဖြစ်လူနာမည်နဲ့ ပူးတွဲမှည့်ခေါ်တာဟာ အရင်က မော်စီတုန်းနဲ့တိန့်ရှောင်ဖိန်သာရှိခဲ့ဖူးပါတယ်။

ရှီကျင်းပင် အတွေးအခေါ်မှာ အခြေခံမူ ၁၄ ချက်ရှိတယ်လို့ ပြောဆိုပေမယ့် အဲဒီ ၁၄ ချက်ဟာ ဘာတွေလဲ ဆိုတာကိုတော့ ထုတ်ဖော်မပြောဆိုပါဘူး။

သမ္မတ ရှီကျင်းပင်လက်ထက် တရုတ်နိုင်ငံမှာ ထိပ်တန်းခေါင်းဆောင် ၁၀ ယောက်အနက် ၁ ယောက်ဟာ အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။

အစိုးရ သတင်းဌာနရဲ့ ပြောဆိုချက်အရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီနဲ့ အရံဗဟိုကော်မတီဝင် ၄၃ ယောက်ဟာ အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံခဲ့ရပါတယ်။ ဗဟိုကော်မတီဝင်ဟာ စုစုပေါင်းကတော့ ၄၀၀ နီးပါးရှိပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ရာထူးနိမ့် အရာရှိစုစုပေါင်း ၁ ဒသမ ၃ သန်း ဟာလည်း အဲဒီကာလအတွင်းမှာပဲ အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ သမ္မတရှီကျင်းပင်ရဲ့ အဓိကမူဝါဒ တခုဖြစ်ပါတယ်။