ရိုဟင်ဂျာကလေးငယ်တွေ ဘ၀ UNICEF အစီရင်ခံ

ဓာတ်ပုံ မူပိုင် Reuters
Image caption သီတင်းပတ်တိုင်း ကလေးတသောင်း နှစ်ထောင်လောက် နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးခိုလှုံ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံကြသူ ရိုဟင်ဂျာ ကလေးငယ်တွေရဲ့ ဘဝအခြေအနေတွေအကြောင်း မီးမောင်းထိုး ဖော်ပြထားတဲ့ အစီရင်ခံစာတခုကို UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သီတင်းပတ်တိုင်း ကလေး တသောင်း နှစ်ထောင်လောက် နယ်စပ် ဖြတ်ပြီး လူတွေ မတန်တဆ ပြည့်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေဆီ ရောက်လာနေကြတယ်လို့ ဆိုပါတယ်။

အဲဒီကလေးငယ်တွေမှာ စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ တခြား အခြေခံသုံး ပစ္စည်းတွေ ပြတ်လပ်နေပြီး ရောဂါကူးစက်မှု အန္တရာယ်၊ အသုံးချခံရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ UNICEFက ပြောပါတယ်။

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အလှူငွေ ထည့်ဝင်ရေးအဆိုပြုမယ့် ညီလာခံကြီး မကျင်းပခင် ဒီ အစီရင်ခံစာ ပေါ်ထွက်လာတာ ဖြစ်ပြီး အဲဒီညီလာခံမှာ ရိုဟင်ဂျာ ကလေးတွေကို အကူအညီပေးဖို့ ဒေါ်လာ ၇၆ သန်း လှူဒါန်းထည့်ဝင်ကြဖို့ UNICEFက ပန်ကြားဖို့ ရှိပါတယ်။