ဘရိုင်ယန် မုန်တိုင်း ကြောင့် ယူကေမှာ လေပြင်းကျ

ဓာတ်ပုံ မူပိုင် BBC weather watcher
Image caption ဒီရေတက်နေပုံ

ဘရိုင်ယန် မုန်တိုင်းဟာ ယူကေနိုင်ငံကို ဝင်ရောက်လာတာမှာ အင်မတန် လေပြင်းထန်ခဲ့ပြီး ပင်လယ် ရေမျက်နှာပြင်တွေ မြင့်တက်တာမျိုးတွေ ဖြစ်ပေါ် စေခဲ့ပေမယ့် ခန့်မှန်း ထားသလောက်တော့ ရာသီဥတု ဆိုးဆိုးရွားရွား ဖြစ်မသွားခဲ့ပါဘူး။

လေတိုက်နှုန်းကတော့ အောက်တိုဘာ ၂၁ ရက်၊ စနေ မနက်ပိုင်းမှာ တစ်နာရီကို မိုင် ၇ဝ နှုန်း အထိ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် နောက်ဆက်တွဲ ရေကြီးမှုတွေ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်နိုင်တဲ့ အပြင် ခရီးသွားလာ ပို့ဆောင်ရေး စနစ်တွေလည်း ထိခိုက်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေး ထားပါတယ်။

လေပြင်းကျမယ် ဆိုတဲ့ အဝါရောင် အဆင့် သတိပေးမှုကို ဝေလနယ် အနှံ့အပြားမှာ ထုတ်ပြန် ထားသလို အင်္ဂလန် တောင်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာလည်း သတိပေးထားပါတယ်။

အင်္ဂလန် တဝန်း ရေကြီးနိုင်မှု အန္တရာယ် သတိပေးချက် ၇ နေရာမှာ ထုတ်ပြန် ထားပြီး၊ အရေးပေါ် တုံ့ပြန် ဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့လည်း တိုက်တွန်း ထားပါတယ်။

အိုင်ယာလန် နိုင်ငံမှာတော့ ဘရိုင်ယန် မုန်တိုင်းကြောင့် တစ်နာရီ မိုင် ၈ဝ နှုန်းထိ လေပြင်းထန် ခဲ့ပြီး၊ ရှန်နန်ရို့စ် မြစ်ရေကြီးမှု နေရာတချို့မှာ ဖြစ်နေတယ်လို့ အိုင်ယာလန် မိုးလေဝသ ဌာနက ဆိုပါတယ်။