စပိန်ဗဟိုအုပ်ချုပ်မှု ကက်တလန်ခေါင်းဆောင်တွေ ကန့်ကွက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘာစီလိုးနားမှာ လူတွေ သိန်းနဲ့ချီထွက်လာပြီး စပိန်အစိုးရ အစီအစဉ်ကို ကန့်ကွက်နေကြ

စပိန်မှာ လွတ်လပ်ရေးယူဖို့ လူထုဆန္ဒခံယူပွဲလုပ်ခဲ့တဲ့ ကက်တလိုးနီးယား ကို ဗဟိုအစိုးရ က ကိုယ်ပိုင်အုပ်ချုပ်ရေး ပြန်သိမ်းဖို့ လုပ်နေပြီးတော့ ဒါကို ကက်တလန် တို့ဘက် ကလည်း လက်မခံ ကြောင်း ပြသနေပါတယ်။

ကက်တလန် ခေါင်းဆောင် ကားလ်စ် ပူဂျမွန့် က မက်ဒရစ် ရဲ့အစီအစဉ် ဖြစ်တဲ့ သူတို့ဒေသ ကို ဗဟိုအစိုးရ ကတိုက်ရိုက်အုပ်ချုပ်မယ် ဆိုတဲ့အစီအစဉ် ဟာ အရင် ဗိုလ်ချုပ်ကြီး ဖရန်ကိုလက်ထက် ၁၉၃၉ ကနေ ၁၉၇၅ ခုနှစ် ကြား အာဏာရှင် လက်အောက်က ကာလလိုပဲ ကက်တလန်အုပ်ချုပ်ရေး စနစ် အပေါ် ဆိုးရွားတဲ့ သက်ရောက်မှု လို့ ဆိုပါတယ်။

အစောပိုင်းတုန်းက စပိန်ဝန်ကြီးချုပ် မာရီယာနို ရဟွိုင်း က ဥပဒေ ပုဒ်မ ၁၅၅ ကို အသုံးပြုရတော့မယ်။ ဘယ် အစိုးရ ကမှ၊ ဘယ် ဒီမိုကရက် အစိုးရ ကမှ ဥပဒေမဲ့တဲ့ လုပ်ရပ်၊ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ် ကိုခွင့်မပြုဘူးလို့ ဆိုသွားပါတယ်။

အစိုးရဝန်ကြီးများ အရေးပေါ်အစည်းအဝေး အပြီးမှာ ဝန်ကြီးချုပ် က အခုလိုပြောခဲ့တာ ဖြစ်ပြီးတော့ ဒီဥပဒေ ပုဒ်မ က တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေး ရတဲ့ ဒေသတွေမှာ အကြပ် အတည်းတွေဖြစ်နေရင် ဗဟိုက တိုက်ရိုက်အုပ်ချုပ်နိုင်တဲ့ ဥပဒေပါ။

ဒါပေမယ့် သူက ကက်တလန် အစိုးရကို ရပ်ဆိုင်းပစ်မယ်လို့တော့မဆိုလိုပါဘူး။

ဥပဒေမဲ့လုပ်နေတဲ့ ကက်တလန်ခေါင်းဆောင်ပိုင်းတွေကို ရာထူးကနေဖယ်ပစ်မယ် လို့ ဆိုနေပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ကက်တလန် သမ္မတ ပူဂျမွန် က မက်ဒရစ် ဟာ တွေ့ဆုံဆွေးနွေးတာကိုလည်း လက်မခံဘူး လို့ ဆို

ထွက်လာတဲ့သတင်းတွေ ထဲမှာလည်း စပိန်ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ ကက်တလန် ရဲ့ ရဲတပ်ဖွဲ့ကို သူတို့ထိန်းသိမ်းကွပ်ကဲမှုအောက် ပြန်ထည့်မယ်ဆိုတဲ့ အကြောင်း ရေးနေကြသလို ကက်တလိုးနီးယား က ပြည်သူပိုင် ရုပ်သံလွှင့်ဌာနဖြစ်တဲ့ တီဗီ သရီး နဲ့ ပြည်သူပိုင် အယ်ပိုင် သတင်းစာတွေကို လည်းကွပ်ကဲတော့မယ် ဆိုတဲ့အသံတွေ ထွက်လာပါတယ်။

ကက်တလန် ခေါင်းဆောင် ပူဂျမွန့်က ရုပ်မြင်သံကြားကနေ သူ့လူထု ကို ပြောတဲ့မိန့်ခွန်းမှာ ကက်တလိုးနီးယား ဟာ ရှေးဟောင်း ဥရောပ နိုင်ငံတခုဖြစ်တယ်၊ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီနည်းကျ လူထုဆန္ဒခံယူပွဲလုပ်တာ ရာဇဝတ်မှုမဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။

မက်ဒရစ်အစိုးရ ဟာ ဆွေးနွေးဖို့ ကမ်းလှမ်းတာကိုလည်း လက်မခံခဲ့ဖူးလို့လည်း ကက်တလန် သမ္မတ က ဆိုပါတယ်။

ကက်တလန် တို့ရဲ့ မြို့တော် ဘာစီလိုးနားမှာတော့ လူတွေသိန်းချီထွက် လာပြီး စပိန် ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်တွေ ကို ကန့်ကွက်ကြောင်း ဆန္ဒတွေ ပြနေကြပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁ ၇က်နေ့က ကက်တလိုးနီယား လွတ်လပ်ရေး လူထု ဆန္ဒခံယူပွဲ ကိုဒေသ အာဏာပိုင်တွေ က စည်းရုံးကျင်းပခဲ့ပြီးတော့ မဲပေးသူ ၉၀ ရာခိုင်နှုန်းက လွတ်လပ်ရေး ကို ထောက်ခံမဲထည့်ခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။

မဲထွက်ပေးတဲ့ရာခိုင်နှုန်းက မဲပေးနိုင်သူ အားလုံးရဲ့ ၄၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း လွတ်လပ်ရေးယူမှာကိုဆန့်ကျင်တဲ့ သူတွေ ကလည်း ဒီ မဲပေးပွဲကို ဆန့်ကျင် ခဲ့ကြပါတယ်။