ဂျပန်ဝန်ကြီးချုပ်နေရာ အာဘေး ဆက်ထိန်းနိုင်ဖွယ်ရှိ

Image caption ဂျပန်ဝန်ကြီးချုပ် နေရာကို အကြာဆုံး ထိန်းနိုင်သူ ဖြစ်လာမလား

ဂျပန်နိုင်ငံ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့သူတွေကို ကောက်ခံကြည့်တဲ့ စစ်တမ်းတွေ အရ လက်ရှိ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပဲ ပြတ်ပြတ်သားသား အနိုင်ရသွားဖွယ် ရှိနေပါတယ်။

ဂျပန် နိုင်ငံရဲ့ နေရာတချို့မှာ အားကောင်းတဲ့ တိုင်ဖွန်း မုန်တိုင်းဒဏ် ခံနေရတဲ့ ကြားထဲကပဲ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ ကျင်းပ ခဲ့ကြပါတယ်။

မဲထည့်ခဲ့သူတွေကို ကောက်ခံကြည့်တဲ့ စစ်တမ်းတွေ အရ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်တဲ့ ညွန့်ပေါင်း အုပ်စုကပဲ ပြတ်ပြတ်သားသား အနိုင်ရဖွယ် ရှိတယ်လို့ ပြသ နေပါတယ်။

စစ်တမ်း တစ်ခုက ဆိုရင် လွှတ်တော်ထဲ နေရာ ၃ ပုံ ၂ ပုံ၊ အမတ်နေရာ ၃၁၁ နေရာကို ကြီးစိုး နိုင်တဲ့ အထိ မစ္စတာ အာဘေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ LDP ဦးဆောင်တဲ့ ညွန့်ပေါင်း အုပ်စုက ထိန်းထား နိုင်မယ်လို့ ပြောပါတယ်။

တိုင်ဖွန်းဒဏ် ခံနေရတာဟာ မဲလာထည့်သူ အရေအတွက် ပမာဏ အပေါ် သက်ရောက် ရိုက်ခတ်မှု ကြီးကြီးမားမား ရှိခဲ့သလား ဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာ ဖြစ်ပါတယ်။

Image caption အပြိုင်ရွေးချယ်စရာ လောက်လောက်လားလား မရှိ
Image caption မုန်တိုင်းကြားက ရွေးကောက်ပွဲ

ဝန်ကြီးချုပ် အာဘေးသာ အစိုးရ ခေါင်းဆောင်နေရာကို ဆက်ထိန်း ထား နိုင်ပြီ ဆိုရင် သူ ရည်မှန်း ထားတဲ့ အတိုင်း ဂျပန် နိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ပြင်ဆင်ရေးကို ရှေ့တွန်းလုပ်ဖို့ လုံလောက်တဲ့ အစိုးရ အာဏာ သက်တမ်း ရရှိသွားတာပဲ ဖြစ်တယ်လို့ တိုကျိုမြို့တော်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ရူပါ့တ် ဝင်းဖီးလ်ဒ်-ဟေးစ်က ပြောပါတယ်။

အဓိက အားဖြင့်တော့ ဂျပန် စစ်တပ်ကို တိုင်းပြည် ကာကွယ်ဖို့ကလွဲပြီး နိုင်ငံတကာ စစ်ပွဲတွေမှာ ဝင်မပါရ တားမြစ်ထားတဲ့ ဖွဲ့စည်းပုံ ပုဒ်မ ၉ ကို လုံးဝ ဖျက်သိမ်းဖို့ ဒါမှမဟုတ်တောင် ပြင်ဆင် ပြောင်းလဲနိုင်ဖို့ မစ္စတာ အာဘေး ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုက ရည်ရွယ်ထားပါတယ်။

အဲဒီလို ဂျပန်ကို ကန့်သတ်ထားတဲ့ အချက်ကို ၁၉၄၇ ဒုတိယ ကမ္ဘာ စစ်ကြီး အပြီး စစ်နိုင်တဲ့ အမေရိကန်က ထည့်သွင်း ထားခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ စောလုပ်ခဲ့

ဂျပန်နိုင်ငံမှာ ပုံမှန် အားဖြင့်ဆိုရင် ရွေးကောက်ပွဲ လုပ်ဖို့ တစ်နှစ်လောက် လိုနေသေးတဲ့ အချိန်မှာ အခုလို အချိန်မတိုင်ခင် စောကျင်းပမယ်ဆိုပြီး မစ္စတာ အာဘေးက ပြီးခဲ့တဲ့ စက်တင်ဘာ နှောင်းပိုင်းက ကြေညာ ခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အတိုက်အခံတွေကြား မစုစည်းမိပဲ အင်အားချိနဲ့ နေချိန်၊ နိုင်ငံရေး အသာစား ရှိနေချိန်မှာ မစ္စတာ အာဘေးက ဝန်ကြီးချုပ် သက်တမ်း ၃ ကြိမ်မြောက် ရယူနိုင်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

မစ္စတာ အာဘေးကတော့ ဂျပန်နိုင်ငံမှာ နိုင်ငံလုံးဆိုင်ရာ အကြပ်အတည်းတွေ အနေနဲ့ တွေ့ကြုံနေရတာတွေကို သူ ဦးဆောင် ဖြေရှင်းလိုတယ်၊ အဲဒီလို ဖြေရှင်းတဲ့ အခါမှာလည်း သူ့ အနေနဲ့ အစိုးရ သက်တမ်း အပြည့်အဝကို ဦးဆောင်ပြီး ကိုင်တွယ်လိုတယ်လို့ ဆိုပါတယ်။

မစ္စတာ အာဘေး ပြောတဲ့ အမျိုးသားရေး အကြပ်အတည်း ဆိုတာထဲမှာ ဂျပန်ကို ပင်လယ်ထဲ မြှုပ်ပစ်မယ် ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုလည်း ပါဝင်ပါတယ်။

ဂျပန် မဲဆန္ဒရှင်တွေ အနေနဲ့ မစ္စတာ အာဘေးရဲ့ LDP ပါတီက လွဲပြီး အခုအချိန်မှာ တခြား အပြိုင်ရွေးချယ်စရာ လောက်လောက်လားလား နိုင်ငံရေး ပါတီရယ်လို့ မရှိဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ