မော်စီတုန်းနောက်ပိုင်း 'သြဇာအကြီးဆုံး' တရုတ်ခေါင်းဆောင် ရှီ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပါတီဖွဲ့စည်းပုံကို ပြင်ပြီးနောက် ရှီဂျင်ပင်း (ဝဲ)ဟာ မော်စီတုန်း (ယာ) နောက်ပိုင်း သြဇာအရှိဆုံးဖြစ်လာ

တရုတ်နိုင်ငံမှာ ကွန်မြူနစ် ပါတီ ခေါင်းဆောင် မော်စီတုန်း နောက်ပိုင်း သြဇာအကြီးဆုံး ခေါင်းဆောင် အဖြစ် လက်ရှိ သမ္မတ ရှီ ဂျင်ပင်းကို ကွန်မြူနစ် ပါတီက သတ်မှတ်လိုက်ပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပါတီကွန်ဂရက် ပိတ်ပွဲမှာ သမ္မတ ရှီ ဂျင်ပင်းရဲ့ အမည်နဲ့ သူ့ရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းထဲမှာ ထည့်သွင်း ဖေါ်ပြလိုက်ပါတယ်။

တရုတ်ကွန်မြူနစ် ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း သမိုင်းမှာ ပါတီ စတင်တည်ထောင်သူ မော်စီတုန်းနဲ့ သမ္မတ ရှီ ဂျင်ပင်းတို့ နှစ်ဦးရဲ့ အမည်တွေပဲ သူတို့ သက်ရှိထင်ရှား ရှိနေစဉ် ဖေါ်ပြခံရတာ ဖြစ်ပါတယ်။

သမ္မတ ရှီ ဂျင်ပင်းရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကိုလည်း အမြဲတန်း လှုပ်ရှားမှုအဖြစ် သတ်မှတ်လိုက်ပါတယ်။

ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေး ကွန်ရက်ကြီးတခု ဖန်တီးပြီး ကမ္ဘာ့ရေးရာအလယ်မှာ တရုတ်က အဓိက အခန်းကဏ္ဍမှာ ရှိလာစေမယ့် သူ့ရဲ့ အဓိက ကုန်သွယ်ရေး မူဝါဒ ဖြစ်တဲ့ ရပ်ဝန်းတခု လမ်းကြောင်းတကြောင်း စီမံကိန်းကိုလည်း ရာသက်ပန် စီမံကိန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။