ဘီဘီစီ ဝန်ထမ်းတွေအပေါ် ပစ်မှတ်ထားတဲ့ အီရန်အစိုးရ သတိပေးခံရ

Image caption အီရန် အစိုးရကို အသိပေးထားတယ်လို့ မစ္စတာကေး အတည်ပြု

ဘီဘီစီ ပါရှန် ဘာသာစကား ဌာနက ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစု တွေ အပေါ် အီရန် အစိုးရက အနှောင့်အယှက်ပြု ခြိမ်းခြောက် နေတာတွေ ရပ်တန့်ပါ ဆိုပြီး ကုလသမဂ္ဂ အဖွဲ့က အီရန် အစိုးရကို သတိပေးလိုက်ပါတယ်။

တီဟီရန် အစိုးရက ဘီဘီစီ ဝန်ထမ်းတွေရဲ့ မိသားစု ဝင်တွေ အပေါ် ပစ်မှတ်ထားပြီး ရန်လိုတဲ့ အသွင် ဆက်ဆံ မှုတွေ ရှိနေပါတယ်။

အခု လတ်တလော မှာလည်း ဘီဘီစီ လက်ရှိ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေ၊ ဘီဘီစီ အစီအစဉ်တွေမှာ ပါဝင် ခဲ့သူတွေ စုစုပေါင်း အယောက် ၁၅ဝ အပေါ် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အီရန် အစိုးရ စတင် လုပ်ဆောင် လာတဲ့နောက်၊ ကုလသမဂ္ဂက အခုလို ကြားဝင်ပြီး အီရန် အစိုးရ အပေါ် ပြောဆို လာတာ ဖြစ်ပါတယ်။

အီရန် အစိုးရရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ တိုင်ကြားချက်တွေ ရရှိထားတယ်လို့ လွတ်လပ်စွာ သဘောထား ကြံဆခွင့်နဲ့ ထုတ်ဖော်ခွင့် ကိစ္စတွေကို တွန်းအားပေးဖို့ ကုလသမဂ္ဂ အဖွဲ့က ခန့်အပ်ထားတဲ့ အထူး အရာရှိ ဒေးဗစ်ကေးက အတည်ပြု ပါတယ်။

ကြားသိနေရတာတွေ အပေါ် ကုလသမဂ္ဂက အင်မတန် စိုးရိမ်ကြောင်း အီရန် အစိုးရကို အသိပေးထားတယ်လို့ မစ္စတာကေးက ဆိုပါတယ်။

ဘီဘီစီ ပါရှန် ဘာသာစကား ဌာနရဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ ရော၊ တခြား စာနယ်ဇင်း သမားတွေ ကိုပါ ပစ်မှတ်ထား ရန်လိုတာ မျိုးတွေ မလုပ်ဖို့လည်း တီဟီရန် အစိုးရကို တိုက်တွန်း ထားတယ်လို့ မစ္စတာကေးက ပြောပါတယ်။

Image caption အီရန်တရားရုံး အမိန့်စာ

ဘီဘီစီနဲ့ ပတ်သက်သူ အယောက် ၁၅ဝ အပေါ် အီရန် အစိုးရက ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းမှုတွေ လုပ်ဆောင်ဖို့ စတင်လာတဲ့ အခါ၊ အီရန် တရားရုံးကလည်း အဲဒီ ၁၅ဝ ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကြောင်း အမိန့် ထုတ်လိုက်ပါတယ်။

ဒီ အမိန့်ကြောင့် အဲဒီ လူပေါင်း ၁၅ဝ ဟာ၊ မိသားစု အမွေ ဆက်ခံခွင့် မရှိတော့တာမျိုး၊ အိမ်ခြံမြေနဲ့ ကားတွေလို ပိုင်ဆိုင်မှုတွေ လက်လွှဲ မရောင်းချ နိုင်တော့တာမျိုး အခြေအနေကို ရောက်ရှိ နေပါတယ်။

သတင်းသမား ဖြစ်ရခြင်း ဆိုတဲ့ အကြောင်း အပေါ် အခြေခံပြီး မကြုံစဖူး ပစ်မှတ်ထား ခံရတာပဲ ဆိုပြီး ဘီဘီစီရဲ့ ညွှန်ကြားရေးမှုးချုပ် တိုနီဟောက အီရန် အာဏာပိုင်တွေရဲ့ အပြုအမူတွေကို တုံ့ပြန် ဝေဖန်သလို၊ ဒါဟာ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အီရန် နိုင်ငံထဲ ပိတ်ပင် ခံထားရပေမယ့်လည်း ဘီဘီစီ ပါရှန် ဘာသာစကား ဌာနဟာ လန်ဒန်မြို့ကနေ ရုပ်သံ၊ ရေဒီယိုနဲ့ အွန်လိုင်း အစီအစဉ်တွေ ထုတ်လုပ်နေပြီး သီတင်းတစ်ပတ်ကို ပရိသတ် ၁၈ သန်း ကျော်ဆီ အရောက် ပေးပို့ နေပါတယ်။

ပါရှန် ဌာနက ရာနား ရာဟိမ်းပူဝါရဲ့ အဆိုအရ သူ ဘီဘီစီ ဝန်ထမ်း ဖြစ်လို့ ဆိုပြီး သူ့ရဲ့ မိဘတွေကို အီရန်ကနေ ပြည်ပ ထွက်ခွာခွင့် ပိတ်ခဲ့တာမျိုး ရှိခဲ့တယ်၊ အမှောင်မိုက် ဆုံးကာလကို ကျော်ဖြတ် ရတာပဲလို့ ပြန်ပြောင်း ပြောပါတယ်။