ဖမ်းထားတဲ့ တောင်ကိုရီးယားငါးဖမ်းသင်္ဘော မြောက်ကိုရီးယား ပြန်လွှတ်မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်နဲ့အတူ ဒေသတွင်း တင်းမာနေချိန် တောင်ကိုရီးယားငါးဖမ်းသင်္ဘော ထိန်းသိမ်းခံခဲ့ရ

မြောက်ကိုရီးယား ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ပြီးခဲ့တဲ့ ၆ ရက် အကြာက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား ငါးဖမ်းသင်္ဘောတစင်းကို ပြန်လွှတ်ပေးမယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက သတင်းထုတ်ပြန်ပါတယ်။

အဲဒီသင်္ဘောနဲ့ သင်္ဘောသားတွေကို အရှေ့ပင်လယ်ထဲက စစ်ရေးအရ ပိုင်းခြားထားတဲ့ ရေပြင်နယ်စပ်မှာ ပြန်လွှတ်ပေးမယ်လို့ မြောက်ကိုရီးယား အစိုးရသတင်း အေဂျင်စီ ကေစီအန်အေက ပြောပါတယ်။

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောသားတွေက သူတို့ အမှားလုပ်ခဲ့မိကြောင်း ဝန်ခံပြီး တောင်းပန်လို့ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ ငါးဖမ်းသမားတွေက အကြိမ်ကြိမ် အသနားခံခဲ့လို့ သောကြာနေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားအစိုးရဘက်ရဲ့ စုံစမ်းမှုအရ အဲဒီ ငါးဖမ်းသင်္ဘောဟာ မြောက်ကိုရီးယား ရေပိုင်နက်ထဲကို ပြီးခဲ့တဲ့ စနေနေ့က ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံစလုံးက စစ်ရေးလေ့ကျင့်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒေသတွင်းမှာ တင်းမာမှုတွေ တိုးမြှင့်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။

သင်္ဘောသားတွေ အိမ်ပြန်လာနိုင်မယ် သိရလို့ စိတ်သက်သာရာရသွားပြီလို့ တောင်ကိုရီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နှစ်ဖက်နိုင်ငံက ငါးဖမ်းသင်္ဘောတွေ ရေပိုင်နက်ကျော်ပြီး ခုတ်မောင်းမိတာမျိုးက အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။

၂၀၁၀ ခုနှစ် သြဂုတ်လတုန်းကလည်း ဂျပန်ပင်လယ်ပြင်မှာ တောင်ကိုရီးယား ငါးဖမ်းသင်္ဘော တစင်းကို သူတို့ရဲ့ စီးပွားရေပိုင်နက်ထဲ ဝင်ရောက်လာလို့ ဆိုပြီး မြောက်ကိုရီးယားဘက်က ယာယီ ထိန်းသိမ်းထားဖူးပါတယ်။

ဘီဘီစီ တဝန်း