လွတ်လပ်ရေးကြေညာဖို့ ကက်တလန်လွှတ်တော်မဲခွဲ အတည်ပြု

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာစီလိုးနားမှာ လွတ်လပ်ရေးထောက်ခံသူတွေရဲ့ စုဝေးမှုတွေရှိနေပြီး ဒီအထဲမှာ လွတ်လပ်ရေး ထောက်ခံသူ ဒေသခံရဲတွေလည်း ပါဝင်နေ

စပိန်နိုင်ငံ ကက်တလိုးနီးယားဒေသမှာ ခွဲထွက်ရေးသမားတွေရဲ့ လွတ်လပ်ရေးကြေညာဖို့ အဆိုတင်သွင်းချက်ကို ဒေသတွင်း လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ပြီး စပိန် အထက်လွှတ်တော်ကလည်း ဒါကို တန်ပြန်တဲ့အနေနဲ့ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ထိန်းချုပ်မယ့် အစိုးရ အစီအစဉ်ကို မဲခွဲ အတည်ပြုလိုက်ပါတယ်။

ကက်တလန်လွှတ်တော်က အခုလို လွတ်လပ်ရေး ကြေညာလိုက်ပေမယ့် ဥရောပ သမဂ္ဂဘက်က ဘာမှ အပြောင်းအလဲ မရှိပဲ ဒီကိစ္စကို ဗဟိုအစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးမယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဒေါ်နယ်တု(က်)(စ်)က ပြောဆိုထားပါတယ်။

ကက်တလိုးနီးယား ခွဲထွက်ရေး ကိစ္စဟာ စပိန်ရဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က အကြိမ်ကြိမ်ပြောဆိုထားခဲ့ဖူးပြီး စပိန်အစိုးရရဲ့ ရပ်တည်ချက်ကိုသာ ထောက်ခံမယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန် အစိုးရကလည်း ကက်တလိုးနီးယားရဲ့ စပိန်ရဲ့ အဓိက အစိတ်အပိုင်းတခုဖြစ်ပြီး တိုင်းပြည် အင်အားကောင်းဖို့နဲ့ စည်းလုံးဖို့အတွက် စပိန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံမယ်လို့ ပြောဆိုထားပြီး ဂျာမနီကလည်း စပိန်အစိုးရကိုသာ ထောက်ခံမယ်လို့ ပြောဆိုထားပါတယ်။

စပိန် ဗဟိုအစိုးရ အထက်လွှတ်တော်ရဲ့ ကက်တလန် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထိန်းချုပ်ရေး အတည်ပြုချက်အရ ကက်တလိုးနီးယားခေါင်းဆောင်ပု(ဂျ်)ဒမွန့်နဲ့တကွ သူ့လက်အောက်က အစိုးရအဖွဲ့ဝင်တွေကို အလုပ်ထုတ်ခံရမှာ ဖြစ်ပြီး နောက်ထပ် ဘာဆက်လုပ်မယ်ဆိုတာကို ဗဟို အစိုးရအဖွဲ့အတွင်း ဆက်လက် ဆွေးနွေးနေကြပါတယ်။

အခုလို အထက်လွှတ်တော်က ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၂၁၄ မဲ၊ ကန့်ကွက်မဲ ၄၇ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပြီး စပိန်အစိုးရရဲ့ အစီအမံထဲမှာ ပါတဲ့အတိုင်း ကက်တလန်ဘဏ္ဍာရေးနဲ့ မူဝါဒပိုင်း အပါအဝင် ရဲနဲ့ ပြည်သူပိုင် သတင်းဌာနတွေကို ဗဟိုက ထိန်းချုပ်ဖို့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ ကက်တလန်ခေါင်းဆောင် ကားလက်စ် ပု(ဂျ်)ဒမွန့်က ဒေသသန္တရ ရွေးကောက်ပွဲခေါ်ဖို့ရော လွတ်လပ်ရေး ကြေညာဖို့ကိုပါ ငြင်းဆိုခဲ့ပြီး ဒီကိစ္စကို ကက်တလန်ပါလီမန်အတွင်း မဲခွဲဆုံးဖြတ်စေရာမှာ ထောက်ခံမဲ ၇၀ မဲ၊ ကန့်ကွက်မဲ ၁၀ မဲအရ စပိန်အစိုးရက အာဏာလွှဲဖို့နဲ့ လွတ်လပ်ရေး ကြေညာဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုလို လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်အဟုန်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက် ထိန်းထားဖို့ကိုလည်း မစ္စတာ ပု(ဂျ်)ဒမွန့်က တိုက်တွန်းထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရဲအဖွဲ့ကိုင်တွယ်ပုံကို မကျေနပ်လို့ ဘာစီလိုနာမြို့မှာ သိန်းချီ ဆန္ဒပြ

လောလောဆယ်မှာတော့ ကက်တလန်မြို့တော် ဘာစီလိုးနားမှာ လွတ်လပ်ရေးထောက်ခံသူတွေရဲ့ စုဝေးမှုတွေရှိနေပြီး ဒီအထဲမှာ လွတ်လပ်ရေး ထောက်ခံသူ ဒေသခံရဲတွေလည်း ပါဝင်နေပါတယ်။

ကက်တလိုးနီးယားဒေသဟာ စပိန်ရဲ့ အချမ်းသာဆုံးဒေသတခုထဲမှာ အပါအဝင်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ တော်တော်များများ ရထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗဟိုအစိုးရကို အကျိုးပြုသလောက် ဒေသခံတွေအတွက် ပြန်မရဘူးလို့ ယူဆတဲ့ ကက်တလန်သားတွေ အများအပြားရှိနေပြီး စပိန်အာဏာရှင် ဖရန်ကို လက်ထက်မှာ ကက်တလိုးနီးယားကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး သမိုင်း အဖုအထစ်တွေလည်း ရှိခဲ့တာကလည်း အခုလို အခြေအနေအထိ ရောက်လာစေခဲ့တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။