စပိန်က ကက်တလိုးနီးယား အကျပ်အတည်း

ဓာတ်ပုံ မူပိုင် AFP
Image caption ကက်တလိုးနီးယား လွတ်လပ်ရေး အတွက် ထောက်ခံ စုဝေးနေကြ

စပိန်ဝန်ကြီးချုပ် မာရီယာနို ရဟွိုင်း က ကက်တလန် ပါလီမန်ကို ဖျက်သိမ်းလိုက်ပါပြီ။

ကက်တလိုးနီးယား ဒေသအတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ လည်း ကြေညာလိုက်ပါတယ်။

ကက်တလိုးနီးယား ပါလီမန် က လွတ်လပ်ရေး ကြေညာပြီး တဲ့နောက် အခုလို မက်ဒရစ် အစိုးရ ရဲ့ သဘောထား ထွက်လာတာပါ။

စပိန်ဝန်ကြီးချုပ် ရဟွိုင်း က ကက်တလန် သမ္မတ ကားလ် ပူဂျ်မွန့်နဲ့ သူ့ အစိုးရ အဖွဲ့ ကိုလည်းဖြုတ်ပစ်လိုက်ပါတယ် ။

နိုင်ငံကို တီဗီ ကတဆင့်ပြောကြားတဲ့မိန့်ခွန်းမှာ သူက ပြည်သူပြည်သားတွေ အေးဆေးတည်ငြိမ်စွာ ရှိကြဖို့ ပန်ကြားပါတယ်။

စိတ်လှုပ်ရှားမှုများများနဲ့ လုပ်ကြတာတွေ က အရှိန်မြင့်လာလို့ အန္တရာယ်ကို သတိထားရှောင်ရှား ကြပြီး အေးဆေးကြဖို့ လိုတယ်လို့ သူ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စပိန်သမ္မတ က ကက်တလန်အစိုးရ ကို လည်းဖျက်သိမ်းလိုက်

ကက်တလိုးနီးယား ဒေသ ဘာစီလိုးနားမှာတော့ ထောင်သောင်းချီနေတဲ့ လူအုပ်ကြီး ဟာ ဒေသစံတော်ချိန် ညအချိန်တိုင်နေတာတောင် ကက်တလန် အစိုးရ အဆောက်အဦ ရှေ့မှာ စုဝေး ရောက်ရှိ နေကြကာ ကက်တလန် လွတ်လပ်ရေးအတွက် ထောက်ခံ နေကြပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းက လွတ်လပ်ရေး ယူမယူ လူထုဆန္ဒခံယူပွဲကို ကက်တလိုးနီးယား ဒေသ အာဏာပိုင်တွေ က ဦးစီးကျင်းပခဲ့ကြပါတယ်။

စပိန်အစိုးရက ဒါဟာ အခြေခံဥပဒေကို ဖောက်ဖျက်တာ လို့ကန့်ကွက်ထားပါတယ်။

အဲဒီ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ ၄၃ ရာခိုင်နှုန်းမဲပေးခဲ့ကြပြီး မဲပေးသူ ၉၀ ရာခိုင်နှုန်း က လွတ်လပ်ရေး ယူမယ်လို့ ဆန္ဒမဲပေးခဲ့ကြပါတယ်။

သောကြာနေ့ တုန်းက တော့ အမတ် ၁၃၅ နေရာ ရှိတဲ့ ပါလီမန်မှာ လွတ်လပ်ရေးကြေညာဖို့မဲခွဲစဉ် ထောက်ခံ ၇၀၊ ကန့်ကွက် ၁၀၊ ကြားနေ ၂ မဲ နဲ့ မဲခွဲခဲ့ကြပြီး အတိုက်အခံ အမတ်တွေ တော်တော်များများကတော့ မဲမပေးပဲ သပိတ်မှောက်ခဲ့ကြ ပါတယ်။

မဲပေးပွဲအပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့နောက် ကက်တလန် ပါလီမန် အတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ၇၀၀ ကျော်က သူတို့ရဲ့အဆောင်အယောင် လက်ကိုင်တုတ် တွေကို ကိုင်မြှောက်က လွတ်မြောက်ပြီလို့ ကြွေးကြော် သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြို့နယ်အုပ်ချုပ်ရေးမှူး တွေ က လွတ်လပ်ပြီ လို့ကြွေးကြော်

လွတ်လပ်ရေး ကြေညာအပြီး ကက်တလန် ခေါင်းဆောင် ကားလ် ပူဂျမွန့်က ပါလီမန်မှာ ကျနော်တို့နိုင်ငံရဲ့ ပါလီမန်၊ ကျနော်တို့ရဲ့ တရားဝင် ပါလီမန်၊ ဒီ ခြေလှမ်းသစ်တက်ဖို့အတွက် တိုက်ပွဲထဲကနေတက်ခဲ့ရတဲ့ ပါလီမန် လို့ သူက ချီးမြောက်လိုက်ပြီး ကက်တလိုးနီးယား နိုင်ငံသားတွေက ဒီနေရာကို လာပြီးတော့ ငါတို့နိုင်ငံရဲ့ ရင်ခုန်သံ၊ငါတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သိက္ခာကို ထိန်းသိမ်းကြမယ်လို့ မိန့်ခွန်းခြွေခဲ့ပါတယ်။

ဥရောပအတွင်းက အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ နိုင်ငံတွေက ကက်တလိုးနီးယား လွတ်လပ်ရေး ကို မထောက်ခံဘူး ဆိုတာ ကို အပြတ်အသားပဲ တုန့်ပြန် ကြေညာခဲ့ကြပါတယ်။

အမေရိကန်ကလည်း ကက်တလိုးနီးယား လွတ်လပ်ရေးကို ကန့်ကွက်ပါတယ်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် က တော့ စပိန် အခြေခံဥပဒေရဲ့ မူဘောင်အတွင်းမှာ အခုအရေးမှာ ပတ်သက်သူအားလုံး အဖြေရှာမှု ကို အားပေးတယ် လို့ ပြောကြောင်း သူ့ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာရင်ဟတ် က ပြောပါတယ်။