ကက်တလန်အာဏာသိမ်းခံရတာကို ဒီမိုကရေစီကျကျ တုန့်ပြန်မယ်

ဓာတ်ပုံ မူပိုင် EVN
Image caption ကက်တလန်ပါလီမန်မှာ အများစုမဲနဲ့ ဆုံးဖြတ်ထားတဲ့ လွတ်လပ်ရေးကို မလိုလားသူတွေရဲ့ အမြင်ကိုလည်း လေးစားရမှာ ဖြစ်သလို အကြမ်းမဖက်ပဲ အများသူငါကို လေးလေးစားစားနဲ့ ကြံ့ကြံ့ခံနိုင်မှ ရှေ့ဆက်အောင်မြင်မယ်လို့လည်း သူက ပြော

စပိန်ဗဟိုအစိုးရက ထုတ်ပယ်လိုက်တဲ့ ကက်တလိုးနီးယားခေါင်းဆောင်ဟောင်း ကားလက်စ် ပု(ဂျ်)ဒမွန့်က ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုကို ဒီမိုကရေစီ နည်းကျကျ တုန့်ပြန်ကြဖို့ ကက်တလန်ပြည်သူတွေကို ဆော်သြလိုက်ပါတယ်။

မစ္စတာ ပု(ဂျ်)ဒမွန့်က အတိအကျ မဖော်ပြထားတဲ့ နေရာတခုကနေ တိုက်ရိုက် ရုပ်သံလွှင့်ပြီး မိန့်ခွန်းပြောကြားခဲ့ရာမှာ ဗဟို အစိုးရဟာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မှုခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး လွတ်လပ်တဲ့ နိုင်ငံထူထောင်ရေးကိုလည်း ဆက်လုပ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒေသခံခေါင်းဆောင်ကို ထုတ်ပယ်ဖို့အတွက် ဒေသခံ ပါလီမန်ကသာ ဆုံးဖြတ်ရမယ်လို့ နားလည်ထားကြတဲ့ ကက်တလန် ပြည်သူတွေရဲ့ ဆန္ဒကို ဗဟိုအစိုးရက ဆန့်ကျင်ပြီး ကြိုတင် စီမံ လုပ်ဆောင်ခဲ့တာလို့ မစ္စတာ ပု(ဂျ်)ဒမွန့်က ပြောဆိုခဲ့သလို လွတ်လပ်ရေး လိုလားသူတွေ အနေနဲ့ ကက်တလန်ပါလီမန်မှာ အများစုမဲနဲ့ ဆုံးဖြတ်ထားတဲ့ လွတ်လပ်ရေးကို မလိုလားသူတွေရဲ့ အမြင်ကိုလည်း လေးစားရမှာ ဖြစ်သလို အကြမ်းမဖက်ပဲ အများသူငါကို လေးလေးစားစားနဲ့ ကြံ့ကြံ့ခံနိုင်မှ ရှေ့ဆက်အောင်မြင်မယ်လို့လည်း သူက ပြောပါတယ်။

စပိန် ဗဟိုအစိုးရကတော့ မစ္စတာ ပု(ဂျ်)ဒမွန့်နဲ့တကွ ကက်တလန် ပါလီမန်နဲ့ ကက်တလန်ဒေသရဲ့ ရဲချုပ်ကို ရာထူးက ထုတ်ပယ်လိုက်ပြီး လွတ်လပ်ရေး ကြေညာထားတာဟာ တရားမဝင်ဘူးလို့ ပြောဆိုထားသလို လာမယ့် ဒီဇင်ဘာလမှာ ကက်တလိုးနီးယား ဒေသန္တရ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

မစ္စတာ ပု(ဂျ်)ဒမွန့်ရဲ့နေရာကို စပိန်ဒုဝန်ကြီးချုပ် ဆိုယားရား ဆာယန်းဒေ ဆန်တာမာရီးယားကို ဗဟိုအစိုးရက ခန့်ထားလိုက်ပြီး ကက်တလန်ရဲဌာနတွေကို စပိန် ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်နေပါတယ်။

ဓာတ်ပုံ မူပိုင် EPA/Getty Images
Image caption ကက်တလန် လွတ်လပ်ရေးကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေလည်း ဘာစီလိုးနားမှာ ကျင်းပ

ကက်တလန် လွတ်လပ်ရေးကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲတွေလည်း ဘာစီလိုးနားမှာ ကျင်းပခဲ့ကြပြီး စပိန်မြို့တော် မဒရစ်က တိုင်းပြည် ညီညွတ်ရေး စုဝေးပွဲတွေမှာ လူတွေ ထောင်ချီပြီး တက်ရောက် ခဲ့ကြပါတယ်။

ကက်တလိုးနီးယားဒေသဟာ ဗဟိုအစိုးရက အခုလို တိုက်ရိုက် မအုပ်ချုပ်ခင်က ဒေသတွင်း ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ကုန်သွယ်ရေးနဲ့ အများပြည်သူ လုံခြုံရေးဆိုတဲ့ အခွင့်အာဏာတွေ ရရှိနေတာ ဖြစ်ပေမယ့် တခုခု ပြဿနာ ဖြစ်လာရင် စပိန် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ အဓိကထား ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ယခင်ကတည်းက မကျေနပ်မှုတွေ ရှိနေတာပါ။

ဥပမာအားဖြင့် ယူကေနိုင်ငံမှာ စကော့တလန်ကို ပညာရေးမူဝါဒ အာဏာပေးထားတဲ့အတွက် ပင်မ အစိုးရက စွက်ဖက်ခွင့် လုံးဝ မရှိပေမယ့် စပိန်မှာတော့ ဗဟိုအာဏာသက်ရောက်မှုက ရှေ့ဆောင်နေတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး၊ စစ်တပ်နဲ့ ဘဏ္ဍာရေး မူဝါဒတွေကိုတော့ ယခင်ကတည်းက စပိန်ဗဟိုအစိုးရက ကိုင်တွယ်တာပါ။

လောလောဆယ်မှာ ကက်တလိုးနီးယားရဲ့ လက်ရှိ လွတ်လပ်ရေး ကြေညာထားတာကို ဥရောပသမဂ္ဂအပါအဝင် အမေရိကန်၊ ဂျာမနီ၊ ယူကေ၊ ပြင်သစ်နဲ့ မက္ကဆီကိုတို့က စပိန်ဗဟိုအစိုးရဘက်ကပဲ ရပ်တည်မယ်လို့ ပြောဆိုထားကြပါတယ်။