အံ့သြဆန်းကျယ် အသံလှိုင်းတိုက်ခိုက်မှု

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟားဗားနား အမေရိကန် သံရုံးဝန်ထမ်းတွေက သူတို့မှာ ထူးဆန်းတဲ့ နာမကျန်းဝေဒနာ ခံစားရတယ်လို့ဆို

ဟားဗားနားက အမေရိကန် သံရုံးအရာရှိတွေကို ဆိုးနစ်တိုက်ခိုက်မှုလို့ ခေါ်တဲ့ မမြင်ရတဲ့ အသံလှိုင်းတွေနဲ့ တိုက်ခိုက်မှုလုပ်တယ်ဆိုတာ မဟုတ်မမှန်ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရိဂုအက်ဇ် Bruno Rodriguez က ငြင်းဆိုလိုက်ပါတယ်။

ဝါရှင်တန်မှာ ကျူးဘားနိုင်ငံခြားရေး၀န်ကြီးက ပြောကြားရာမှာ ဒီစွပ်စွဲမှုဟာ ကျူးဘားအမေရိကန်တို့ရဲ့ ပြန်လည်ထူထောင်ထားတဲ့ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ကြံမှုသက်သက်ဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးဘားကွန်မြူနစ်အစိုးရနဲ့ အမေရိကန်အရင်းရှင်အစိုးရတို့ ပြန်ပေါင်းထုပ်တာကို မလိုလားတဲ့ ကျူးဘားလက်ျာသမားတွေက သတင်းလွှင့်လုပ်ကြံတာသာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဟားဗားနားမှာရှိတဲ့ အမေရိကန်သံရုံးဝန်ထမ်းတွေ ထူးထူးခြားခြား မကျန်းမမာဖြစ်ပြီးနောက်မှာ အမေရိကန်အစိုးရဟာ သံရုံးဝန်ထမ်း အရေအတွက် လျော့ချထားပါတယ်။ တခြားအမေရိကန်လူမျိုးတွေကိုလည်း ကျူးဘားကို မသွားကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။

သံရုံးဝန်ထမ်းတဦးဟာ အင်မတန် ထူးဆန်းကျယ်လောင်တဲ့အသံကို ကြားရတယ်လို့ခံစားရပြီး ဖျားနာခဲ့ပါတယ်။ အသံဘယ်က ထွက်ပေါ်လာတယ်ဆိုတာ မသိရပါဘူး။ မမြင်ရတဲ့ နံရံကြီးတခု သူ့အခန်းထဲမှာ ရှိနေတယ်လို့ ခံစားရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူဟာ အကြားအာရုံဆုံးရှုံးသွားပါတယ်။ စကားပြောဆိုဖို့ ခက်လာပါတယ်။

ဒီလို အလားတူဝေဒနာမျိုး ခံစားရတဲ့ အမေရိကန်လူမျိုး ၂၁ ဦးရှိတယ်လို့ ဆိုပါတယ်။

ဒါကို မမြင်ရတဲ့ အသံလှိုင်းနဲ့ တိုက်ခိုက်မှု သို့မဟုတ် ဆိုးနစ် တိုက်ခိုက်မှုလို့ ယူဆနေတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေကိုယ်တိုင်ဟာ ဒီထူးဆန်းတဲ့ ဆိုးနစ်တိုက်ခိုက်မှုကို သေသေချာချာ အတည်မပြုနိုင်ဘဲ ဖြစ်နေကြပါတယ်။