ရှမ်း၂ပါတီ ပေါင်းဖို့ ကျားဖြူပါတီဘက်က သဘောတူ

Image caption ပါတီရဲ့ အနာဂတ် နိုင်ငံရေး မျှော်မှန်းချက်နဲ့ မူဝါဒတွေကို သျှမ်းပြည် ညီညွတ်ရေး ကော်မတီကို ကျားဖြူ ပါတီ တင်ပြ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အဓိက ရှမ်းပါတီ နှစ်ခု ဖြစ်တဲ့ SNDP ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီနဲ့ SNLD ကျားခေါင်း ခေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တို့ ပူးပေါင်းပြီး ရှမ်းပါတီကြီး တခုတည်း အနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ ကျားဖြူပါတီဘက်က ထုတ်ဖော် အကြံပြုလိုက်ပါတယ်။

ဒီအကြံပြုချက်အပါအဝင် စနေနေ့က လားရှိုးမြို့မှာ ကျင်းပတဲ့ ၁၄ကြိမ်မြောက် ကျားဖြူပါတီရဲ့ ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အဓိကအချက်တွေကို သျှမ်းပြည် ညီညွတ်ရေးကော်မတီထံ တင်ပြခဲ့တာပါ။

လက်ရှိ ရှမ်းပါတီကြီး ၂ပါတီ အနေနဲ့ လာမယ့် နိုင်ငံရေး အခြေအနေ အပေါ် အမျိုးသား အကျိုးစီးပွားကို အခြေခံ ဦးစားပေးပြီး လက်ရှိ လျှောက်လှမ်းနေတဲ့ နိုင်ငံရေး လမ်းကြောင်းအသီးသီးကနေ ပိုကျစ်လစ် ခိုင်မာတဲ့ လမ်းကြောင်းကို ဦးစားပေး ရွေးချယ်သင့်ပြီလို့ ကျားဖြူပါတီက ယူဆကြောင်းလည်း ဖေါ်ပြထားပါတယ်။

ရှမ်း ၂ပါတီ ပူးပေါင်းရေးကို အစဉ်အမြဲ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ ရဟန်း သံဃာတော်တွေ၊ ရှမ်းပြည်သူတွေရဲ့ သဘောထား ဆန္ဒကို လေးစားတဲ့အနေနဲ့ သော်လည်းကောင်း၊ အခုအခါ မျက်မှောက် ရှမ်းပြည်ရဲ့ နိုင်ငံရေး အခြေအနေဟာ မူလတည်နေတဲ့ နယ်မြေအနေအထားတွေကနေ ကစဉ့်ကလျား ဖြစ်ပေါ်စေမယ့် အရိပ်လက္ခဏာတွေ တွေ့မြင်နေရတဲ့အတွက်ကြောင့် သော်လည်းကောင်း ရှမ်း၂ပါတီ ပူးပေါင်းဖို့ကို ကျားဖြူပါတီက သဘောတူ လက်ခံကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့တာလို့ ကျားဖြူပါတီ ဒုတိယ ဥက္ကဋ္ဌ စိုင်းလှကျော်က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ ရှမ်း၂ပါတီ ပူးပေါင်းဖို့ တဖက်ပါတီက လက်မခံနိုင်ဘူး ဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေနဲ့ မြို့နယ် ခွဲခြားပြီး ရွေးကောက်ပွဲ ဝင်ကြဖို့ကိုလည်း ကျားဖြူပါတီက အဆိုပြု တိုက်တွန်းထားပါတယ်။