ပုဂ္ဂိုလ်ရေး ပြုမူခဲ့ပုံတွေကြောင့် ဗြိတိန် ကာကွယ်ရေးဝန်ကြီး နှုတ်ထွက်

Image caption အင်္ဂါနေ့တုန်းကမှ တောင်းပန် စကား ပြောထား

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဆာ မိုက်ကယ် ဖယ်လွန် ရာထူးက နှုတ်ထွက် သွားပါတယ်။

ကျန်ခဲ့တဲ့ နှစ်ကာလတွေ တုန်းက သူပြုမူမိခဲ့တဲ့ လုပ်ရပ်တွေဟာ ရှိသင့်ရှိအပ်တဲ့ စံနှုန်းစံထားတွေနဲ့ ကိုက်ညီမှု ရှိကောင်းမှ ရှိလိမ့်မယ်ဆိုပြီး ဝန်ခံရင်းမှာပဲ ဆာမိုက်ကယ် တစ်ယောက် အခုလို ရာထူးက နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ် အရင်က ညစာစားပွဲ တစ်ခုမှာ စာနယ်ဇင်းသမား တစ်ဦးရဲ့ ဒူးခေါင်းကို လက်နဲ့ ထိတွေ့မိခဲ့တဲ့အတွက် ဆာမိုက်ကယ်က ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကမှ တောင်းပန် စကား ပြောထားပါတယ်။

အခုလို ရာထူးကနေ နှုတ်ထွက် သွားတာဟာ နောက်ထပ် စွပ်စွဲမှု အသစ်တွေ ရှိလာတဲ့ အတွက်ကြောင့် မဟုတ်ဘူးလို့ ဘီဘီစီ အနေနဲ့ နားလည် ထားပါတယ်။

ဗြိတိသျှ ပါလီမန် ဝက်စ်မင်စတာတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိနေခဲ့တယ် ဆိုပြီး ပါလီမန် အမတ်တွေ အပေါ် ပြောဆို စွပ်စွဲသံတွေ အခု ရက်ပိုင်းတွေ အတွင်း ထွက်ပေါ် လာနေပါတယ်။

ဒီကိစ္စအပေါ် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ နိုင်ငံရေး ပါတီအားလုံးရဲ့ ခေါင်းဆောင်တွေ သဘောတူကြပါ ဆိုပြီး ဗြိတိသျှ ဝန်ကြီးချုပ် ထရီဇာမေက တိုက်တွန်း ထားပါတယ်။