ကမ္ဘာပေါ်မှာ နိုင်ငံမဲ့သူ ၁၀သန်းခန့်ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာ ဒုက္ခသည်များ

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက နိုင်ငံမဲ့တွေ အကြောင်းအစီရင်ခံစာတစောင်ဒီ ကနေ့ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ကိုယ့်နယ် နိမိတ်အတွင်းရှိ နိုင်ငံမဲ့သူတွေကို နိုင်ငံသားပေးဖို့ အစီအစဉ်တွေ လုပ်ဖို့သက်ဆိုင်ရာနိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ကမ္ဘာတဝန်းလုံးမှာ နိုင်ငံမဲ့သူပေါင်း ၁၀သန်းလောက်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ အဲဒီလိုကိုယ်ဟာ ဘယ်နိုင်ငံရဲ့ လူမျိုးတမျိုးဖြစ်တယ်ဆိုတာမပြနိုင်ရင် အခြေခံအခွင့်အရေးတွေ ဆုံးရှုံးရပြီး တခါတရံ နှိပ်စက်ညှဉ်းပန်းမှုခံရပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေဟာ ကမ္ဘာပေါ်မှာ နိုင်ငံမဲ့တဲ့ အကြီးမားဆုံး အုပ်စုဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် ငြင်းခံနေရတဲ့အတွက် ခွဲခြားဆက်ဆံတာ အသက်အန္တရာယ်ရှိတဲ့ ညှင်းပန်းနှိပ်စက်မှုတွေ ဆိုးဆိုးဝါးဝါးခံရတဲ့ ထင်ရှားတဲ့နမူနာဖြစ်ပါတယ်။

နိုင်ငံသားဖြစ်ရင် ရရှိနိုင်တဲ့အခြေခံ အခွင့်အရေးတွေကို အဲဒီနိုင်ငံက အာမခံရမှာဖြစ်ပေမယ့် နိုင်ငံမဲ့ သူ့တွေအနေနဲ့ကတော့ ခံစားခွင်မရှိဘူးလို့ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက Carol Batchelorက ဘီဘီစီကိုပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေးနေတဲ့ သိန်းချီတဲ့ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ရင်းပြန်နိုင်အောင် နိုင်ငံသားပေးဖို့နဲ့ နိုင်ငံသားမဖြစ်ရင် အရင်လိုပဲခွဲခြား နှိပ်စက်တာ ခံရနိုင်တယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပိုဂရန်ဒီက တောင်းဆိုလိုက်ပါတယ်။

နောက်တခါလ ဘာစာရွက်စာတမ်း အထောက်အထားမှ မရှိဘဲထွက်ပြေးရတဲ့ ဒုက္ခသည်တွေအနေနဲ့ သူတို့ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာ သက်သေပြဖို့ မဖြစ်နိုင်ပါဘူး။ တချို့နိုင်ငံတွေမှာတော့ မိခင်ခံယူထားတဲ့နိုင်ငံသားကို သားသမီးတွေကို ဆက်ခံခွင့်မပြုပါဘူး။ ဒါကြောင့်ဖခင်မရှိရင် ကလေးငယ်တွေ နိုင်ငံမဲ့တဲ့ဘဝမျိုးနဲ့ရင်ဆိုင်ရနိုင်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ ကလေးတွေကို နိုင်ငံသားမပေးရင် နိုင်ငံမဲ့ဖြစ်နိုင်တဲ့ အခြေအနေမျိုး ရောက်ခဲ့ရင် သူတို့မွေးတဲ့နိုင်ငံမှာပဲ နိုင်ငံသားအဖြစ် ပေးဖို့အကြံပြု ထားပါတယ်။ နောက်ပြီး ကိုးကွယ်တဲ့ဘာသာနဲ့ လူမျိုးစုအပေါ် အခြေခံပြီး နိုင်ငံသား မပေးနိုင်အောင် ကန့်သတ်ထားတဲ့ဥပဒေတွေကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတယ်ပါတယ်။