ခေါင်းဆောင်တွေ အဖမ်းခံရပေမဲ့ ကက်တလိုးနီးယားတွေ ဆက်ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption သောင်းနဲ့ချီတဲ့ ကက်တလိုးနီးယား ဒေသခံတွေ ဆန္ဒပြနေပုံ

စပိန်နိုင်ငံက ခွဲထွက်ဖို့ ကြိုးစားခဲ့တဲ့ ကက်တလန်ခေါင်းဆောင် ၈ ဦးကို စပိန်အစိုးရက တရားစွဲဆိုဖို့ ဆက်လက်ချုပ်နှောင်ထားပြီးနောက် ဘာစီလိုနာမြို့မှာ ခွဲထွက်ရေးကို ထောက်ခံသူတွေက ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ စပိန် အာဏာပိုင်တွေကတော့ ဒီဆန္ဒပြသူတွေဟာ သူပုန်တွေ ၊ နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်သူတွေ နဲ့ လူထုရဲ့ ငွေတွေကို အလွဲသုံးစားပြုသူတွေလို့ စွပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ကက်တလိုးနီးယား ယဉ်ကျေးမှု ခေါင်းဆောင် ၂ ဦးကို စပိန်အစိုးရက ဖမ်းဆီးထားတဲ့အတွက် အခုဆိုရင် ကက်တလန်ခေါင်းဆောင် ၁၀ ဦးအထိ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကက်တလန်အရေးနဲ့ ပတ်သက်လို့ စပိန်အစိုးရကို ထောက်ခံခဲ့တဲ့ ဥရောပနိုင်ငံတွေကိုလည်း အရှက်မရှိသူတွေလို့ ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ပါတယ်။ ကက်တလန်ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားရတာဟာ နိုင်ငံကနေ ထွက်ပြေးပြီး သက်သေအထောက်အထားတွေကို ဖျက်ဆီးလိုက်မှာစိုးရိမ်တဲ့အတွက် ဖြစ်တယ်လို့ စပိန်ဗဟို တရားသူကြီးက ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကက်တလိုးနီးယား လွတ်လပ်ရေးအတွက် ဆန္ဒခံယူမှုအပြီး စပိန်နိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကက်တလန်ဒေသကို စပိန်အစိုးရက တိုက်ရိုက်အုပ်ချုပ်ဖို့အတွက် စပိန်ဝန်ကြီးချုပ် မာရီယို ရာဟွိုင်းက လွန်ခဲ့တဲ့ အပတ်က ကြေညာခဲ့ပြီး ဒေသပါလီမန်ကိုလည်း ဖျက်သိမ်းခဲ့ကာ လာမဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ပြုလုပ်ဖို့လည်း တိုက်တွန်းထားခဲ့တာပါ။

ကက်တလန်အစိုးရကတော့ ဒေသတွင်းက ၄၃ ရာခိုင်နှုန်းသော မဲဆန္ဒရှင်တွေဟာ အောက်တိုဘာလ ၁ ရက်နေ့ ဆန္ဒခံယူမှုမှာ မဲထည့်ခဲ့ကြတယ်လို့ ဆိုထားပြီး ၉၀ ရာခိုင်နှုန်းကျော်က လွတ်လပ်ရေးအတွက် ဆန္ဒမဲပေးခဲ့ကြတယ်လို့ ကြေညာထားပါတယ်။