ကက်တလန် ခေါင်းဆောင်ဟောင်းကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption တရားစီရင်မှုကို ရှောင်လွှဲဖို့ ဘယ်လ်ဂျီယမ်ကို ရောက်နေတာ မဟုတ်ဘူးလို့ ပုဂျ်ဒမွန်ပြော

ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရောက်နေတဲ့ ကက်တလိုနီးယား အစိုးရခေါင်းဆောင်ဟောင်း ကားလက်စ် ပုဂျ်ဒမွန်နဲ့ ဝန်ကြီးဟောင်း ၄ဦးအပေါ် နိုင်ငံတကာ ဖမ်းဝရမ်း အမိန့် စပိန် တရားသူကြီးက ထုတ်ပြန်လိုက်ပါတယ်။

ဒီဖမ်းဝရမ်းအမိန့်ကို ဘယ်လ်ဂျီယမ် အစိုးရ ရှေ့နေရုံးက စုံစမ်းစစ်ဆေးရေး တရားသူကြီးထံ မတင်ပြခင် သူတို့ အရင် လေ့လာသုံးသပ်မယ်လို့ ပြောပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့ ကက်တလိုနီးယား အစိုးရအဖွဲ့ထဲက ဝန်ကြီး ၅ဦးဟာ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်မှုတွေနဲ့ စပိန် အစိုးရက စွပ်စွဲတာ ခံခဲ့ရအပြီး အခုသီတင်းပတ် အစောပိုင်းတုန်းက ဘယ်လ်ဂျီယမ်နိုင်ငံကို ရောက်ရှိလာတာပါ။

မစ္စတာ ပုဂျ်ဒမွန်က သူဟာ စစ်မှန်တဲ့ တရားစီရင်မှုကို ရှောင်လွှဲဖို့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရောက်နေတာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။

ကက်တလန်ခေါင်းဆောင်ဟောင်းကို တရားရင်ဆိုင်ဖို့ စပိန်ပြန်လာရမယ်လို့ စပိန်အစိုးရပြော

သူ့ရဲ့ ဝန်ကြီးဟောင်းတွေထဲက ၈ဦးဟာ အခုအခါ မဒရစ်မြို့နားမှာ ထိန်းသိမ်းခံထားရပါတယ်။

သူတို့ကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့နဲ့ မစ္စတာ ပုဂျ်ဒမွန်ကို ထောက်ခံတဲ့ အနေနဲ့ လူထောင်သောင်းချီပြီး ကက်တလိုနီးယားဒေသ တဝန်းက မြို့တွေမှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။