စခန်းက ထွက်ပြေးတဲ့ အမေရိကန်စစ်သား ထောင်ကျမခံရ

အမေရိကန်စစ်သား၊ သမ္မတ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အမေရိကန် စစ်သား Bowe Bergdahlကို ကွပ်မျက်သင့်တယ်လို့ သမ္မတ ထရမ့်ပြော

အာဖဂန်နစ္စတန် နိုင်ငံမှာ တာဝန်ကျနေတုန်း အမေရိကန် စစ်စခန်းကနေ ထွက်ပြေးပြီး တာလီဘန်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ အမေရိကန် စစ်သား တဦးကို အမေရိကန် စစ်တရားရုံးက ထောင်ဒဏ် ကင်းလွတ်ခွင့် ပြုဖို့ ဆုံးဖြတ်ခဲ့တာအပေါ် သမ္မတ ထရမ့်က အကြီးအကျယ် ဒေါသထွက်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အဲဒီ စစ်သား ဘို ဘာ့ဒေါကို အခုလို သိက္ခာမရှိ လွှတ်ပေးလိုက်တာဟာ လုံးဝ ရှက်စရာ ကောင်းတယ်လို့ သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှု ကွန်ရက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ဘို ဘာ့ဒေါကို ကွပ်မျက် စီရင်သင့်တယ်လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ မဲဆွယ်စဉ်တုန်းက ပြောခဲ့တာနဲ့ ပတ်သက်လို့ တရားသူကြီးက အခုသီတင်းပတ်အစောပိုင်းတုန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

တရားစီရင် ကြားနာမှု မလုပ်ခင် ပြစ်ဒဏ်ပေးဖို့ သမ္မတ ထရမ့်က တောင်းဆိုခဲ့တာဟာ လုံးဝ မလျော်ကန်ဘူးလို့ သမ္မတထရမ့်ကို ဝေဖန်လေ့ရှိသူ ရီပတ်ဘလီကန် ဆီးနိတ်လွှတ်တော်အမတ် Bob Corker က ပြောပါတယ်။