ကရင်တောင်သူတွေမြေသိမ်းခံနေရတယ်လို့ ကေအန်ယူကဆို

Image caption ကရင်ပြည်နယ်ကမြေတွေကို မှတ်ပုံတင်မထားလို့ မြေလွတ်မြေရိုင်းအဖြစ်သတ်မှတ်နေတယ်လို့ဆို

ကရင်ပြည်နယ်မှာ တောင်သူတွေရဲ့မြေတွေကို သိမ်းယူနေတဲ့အတွက် လုပ်ကိုင်စားသောက်စရာမြေမရှိပဲ တောင်သူအများအပြား ဒုက္ခရောက်နေကြတယ်လို့ ကေအန်ယူဗဟိုကော်မတီဝင် မန်းသမိန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းအရှေ့ခြမ်းတွေမှာ အဲသလိုပြဿနာတွေကြုံတွေ့နေရတာဖြစ်တယ်လို့ အောက်တိုဘာ ၂ ရက်နေ့က ၄ ရက်နေ့ အထိ ကေအန်ယူ လော်ခီးလာ စခန်းမှာ ပြုလုပ်ခဲ့တဲ့ ကရင်လူထုအခြေပြုအဖွဲ့အစည်း ၅၀ ကျော်ရဲ့ မြေသိမ်းပြဿနာ အဖြေရှာရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခု လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ၊ အထူးစီးပွားရေးဇုံနဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေက အစိုးရဆီမှတ်ပုံတင်မထားတဲ့ မြေမှန်သမျှကို မြေလွတ်မြေရိုင်းအဖြစ်သတ်မှတ်ထားတဲ့အတွက်ကြောင့် တောင်သူတွေရဲ့မြေတွေကို သိမ်းယူဖို့လမ်းဖွင့်ပေးသလိုဖြစ်နေတယ်လို့လည်း တခြားကေအန်ယူခေါင်းဆောင်တဦးက ပြောပါတယ်။