မြို့တော်ကိုပစ်တဲ့ မစ်ဇိုင်းဒုံးကျည် ကို ဆော်ဒီ တို့ ကြားဖြတ်ဖျက်ဆီးပစ်

ဓာတ်ပုံ မူပိုင် AFP
Image caption ရီယတ်ဒ် က နိုင်ငံတကာ လေဆိပ် နားမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံ ကြားခဲ့ကြရ

မြို့တော်ရီယတ်ဒ် ရဲ့ လေဆိပ်နားမှာ ပေါက်ကွဲသံကြီးတခုကို လည်းကြားခဲ့ကြရတဲ့နောက်ပိုင်း ဆော်ဒီအာရေဗီးယား အစိုးရက ယီမင် ကပစ်လွှတ်လိုက်တဲ့ ဘောလစ်စတစ် မစ်ဇိုင်း တခုကို ကြားဖြတ် ပစ်ချလိုက်နိုင်တယ်လို့ ဆိုပါတယ်။

အယ်အာရေဗီယား သတင်းဌာန က ဆော်ဒီ လေတပ် က ပြောကြားချက်ကို ကိုးကားပြီး ဒီသတင်းကို ထုတ်ပြန်ခဲ့တာပါ။

ယီမင်မှာရှိတဲ့ ဟူသီ သူပုန်အဖွဲ့ ကတော့ သူတို့ ရီယတ်ဒ်က King Khalid နိုင်ငံတကာလေဆိပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သူတို့ မစ်ဇိုင်းက ပစ်မှတ်ကို ထိသွားတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီ ဟူသီ သူပုန် တွေရဲ့ ပြောကြားချက် ကို ပံ့ပိုးနိုင်တဲ့ တခြားအထောက်အထား တွေ တော့ထွက်ပေါ်မလာပါဘူး။

ယီမင် သမ္မတ အက်ဘ်ဒရာဘူ မန်ဆာ ဟာဒီ ကို ဆော်ဒီအစိုးရ ထောက်ခံပေးထားပြီး ဟူသီ သူပုန်တွေနဲ့ ဖြစ်နေကြတဲ့ စစ်ဟာ အပြင်းအထန်ပါ။

ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ ၂၀၁၅ ကတည်းက ယီမင် က ဟူသီ သူပုန်နဲ့ အပေါင်းပါတွေ ကို လေကြောင်းက အပါအဝင် အကြီးအကျယ် တိုက်ခိုက် နေတာပါ။

ဟူသီ တို့ဘက်မှာလည်း စကတ် အမျိုးအစား ဘောလစ်စတစ် မစ်ဇိုင်း ဒုံးကျည် တွေ အများကြီး ရှိထားပုံရပြီးတော့ အခု ဆော်ဒီ ဘက်ကို ပစ်တာ အခု တကြိမ်ဟာ ပထမဆုံးမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ မေလ တုန်း က ဆော်ဒီ ကို အမေရိကန် သမ္မတ ထရမ့် မလာရောက်ခင် တရက် အလိုတုန်း က လည်း မြို့တော် ရီယတ်ဒ်ကို သူတို့ မစ်ဇိုင်း ဒုံးကျည် နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီတုန်း ကလည်း ဆော်ဒီ ဘက်က သူတို့ ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာသလို အရင်တုန်း က ပစ်ခဲ့တာတွေကိုလည်း သူတို့ တားဆီးနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

ယီမင်မှာ ဖြစ်နေတဲ့ စစ်မှာ အခုထိ ဘယ်ဘက် က မှ သိသိသာသာ အောင်ပွဲရမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပေမယ့် စစ်ကြောင့် ၂၇ သန်း အရေအတွက် လူဦးရေ ရှိတဲ့တိုင်းပြည်မှာ လူ သန်း၂၁ သန်း နီးပါးခန့်က အစာရေစာ မလုံလောက်မှုနဲ့ အကြီးအကျယ် ကြုံတွေ့နေရတဲ့အထိ ဖြစ်နေပါတယ်။