အာဖဂန်နစ္စတန်ရဲ့ WhatsApp နဲ့ Telegram ကိုပိတ်ပင်မှု ကန့်ကွက်ခံရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဖဂန်နစ္စတန်မှာ WhatsApp နဲ့ Telegram ကိုပိတ်ပင်

WhatsApp နဲ့ Telegram ကို ပိတ်ပင်အပြီးမှာ အာဖဂန်နစ္စတန်မှာ ရှိတဲ့ ဂျာနယ်လစ်များ၊ မီဒီယာအဖွဲ့များနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေက အာဖဂန်နစ္စတန်အစိုးရဟာ ဆင်ဆာဖြတ်တောက်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အကြီးဆုံး ပြည်တွင်းသတင်းစာတစ်စောင်ရဲ့ အယ်ဒီတာက ဒီလိုလုပ်ဆောင်ခြင်းဟာ နောက်ကြောင်း ပြန်ခြင်းဖြစ်ပြီး ခုခံကန့်ကွက်မှုတွေ ခံရမယ်လို့ ပြောပါတယ်။

ဒီလုပ်ဆောင်မှုက တာလီဘန်တွေနဲ့ တခြားသူပုန်အဖွဲ့တွေရဲ့ လုံခြုံရေးစာဝှက်တွေနဲ့ ဆက်သွယ်မှုကို ပိတ်ပင်ဖို့ အစပြုခဲ့တာပါ။

ဒါပေမယ့် ယာယီပိတ်ပင်မှု နဲ့ ပတ်သက်တဲ့ အထောက်အထား အနည်းငယ်ပဲ တွေ့ရပါသေးတယ်။

အခု သီတင်းပတ် အစောပိုင်းမှာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ကိုင်တွယ်တဲ့ အရာရှိများက ဝန်ဆောင်မှု ပေးတဲ့သူတွေကို လုံခြုံရေး အကြောင်းပြချက်နဲ့ ရက် ၂၀ ယာယီ ပိတ်ပင်ဖို့ စာပို့ အကြောင်းကြားတာကို အတည်ပြုခဲ့ပါတယ်။

ယာယီဆက်သွယ်ရေးဝန်ကြီး ရှာဇတ်အာရိုဘီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကျေနပ်တဲ့ တိုင်စာများစွာ လက်ခံရရှိပြီးနောက် နည်းပညာဆိုင် ပြဿနာတွေ ဖြေရှင်းဖို့ စာတိုပို့ ဝန်ဆောင်မှုတွေကို တဖြည်းဖြည်းနဲ့ ပိတ်ပင်သွားဖို့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အမိန့်ထုတ်ပြီးပြီလို့ တင်ထားပါတယ်။

"အစိုးရအနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို အလေးထားပြီး ဒါဟာ ကျွန်တော်တို့လူတွေရဲ့ အခြေခံ ရပိုင်ခွင့်ဆိုတာကို သိထားပါတယ်" လို့ ရေးသားထားပါတယ်။

မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေ တွင်ကျယ်လာခြင်းဟာ ၂၀ဝ၁ ခုနှစ် အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်မှုအပြီး အပြုသဘော ဆောင်တဲ့ ဖွံ့ဖြိုးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

WhatsApp, Facebook Messenger နဲ့ Viber တို့လို ဝန်ဆောင်မှုတွေကို အာဖဂန်ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေ အသုံးပြုသလို တာလီဘန်တွေလည်း လှို့ဝှက်စာတိုပို့ခြင်းနဲ့ လူမှုကွန်ရက် စစ်ဆင်ရေးတွေမှာ အသုံးပြုပါတယ်။

အာဖဂန် လူမှုကွန်ရက် အသုံးပြုသူတချို့နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒီလိုလုပ်ဆောင်ခြင်းနဲ့ တာလီဘန်တွေရဲ့ လှုပ်ရှားမှုတွေကို တားမြစ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။

ဘာလို့လဲဆိုရင် Virtual Private Network လို ကိုယ်ပိုင်ချိတ်ဆက်မှုတွေနဲ့ အလွယ်တကူ ကျော်လွှားနိုင် လို့ပါပဲ။

ထင်ရှားတဲ့ သတင်းစာ အယ်ဒီတာ ပါဝဇ်ကဝါ က အာဖဂန်နစ္စတန်ဟာ ဆင်ဆာဖြတ်တောက်မှု တွေကို နှစ်ပေါင်းများစွာ ကြုံလာရပြီး နောက်ဆုံးမှာ ပွင့်လင်းတဲ့ လူမှုဝန်းကျင်ကို ရခဲ့တာဖြစ်တဲ့အတွက် လူမှုကွန်ရက်တွေအပေါ် ဘယ်လို ပိတ်ပင်မှုကိုမှ သည်းခံမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ကျွန်တော်တို့ရဲ့ မျက်နှာဖုံး ခေါင်းကြီးပိုင်း အပါအဝင် လူထုရဲ့ တုံ့ပြန်မှုကတော့ ဆန့်ကျင်ဖို့ပါပဲ လို့ သူက ဆက်ပြောပါတယ်။ ကျွန်တော်တို့ အနေနဲ့ လူမှုကွန်ရက်တွေအပေါ် ဘယ်လို ပိတ်ပင်မှုကိုမှ သည်းသည်းခံနိုင်မှာ မဟုတ်ဘူး လို့လည်း သူကပြောပါတယ်။

တကယ်လို့ တာလီဘန်တွေ ဒါမှမဟုတ် တခြားသူတွေက ဒီဝန်ဆောင်မှုတွေကို အသုံးပြုနေတယ်ဆိုရင် အဲဒီသူတွေကို တွေ့အောင်ရှာပါ။ မပိတ်ပင်ပါနဲ့။ ဒါဟာ အာဖဂန်နစ္စတန်ရဲ့ လက်ရှိဖွံ့ဖြိုးမှု အဆင့်မှာ အင်မတန် ထိလွယ် ရှလွယ်တဲ့ အရာဖြစ်တယ် လို့ သူကပြောပါတယ်။