ဆော်ဒီ တော်ဝင်မင်းသားတွေ၊ ဝန်ကြီးတွေ အဖမ်းခံရ

Image caption အဖမ်းခံလိုက်ရတဲ့ မင်းသား အာလ်ဝါလိဒ်

ဆော်ဒီအာရေဗျ နိုင်ငံမှာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ဖို့ အတွက် ဆိုပြီး လူ တော်တော်များများ ဖမ်းဆီး ခံလိုက် ရတာမှာ တော်ဝင်မျိုးနွယ် မင်းညီမင်းသားတွေနဲ့ အစိုးရ ဝန်ကြီးတွေပါ ပါဝင် နေပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင်ဆာလ်မန် ဦးဆောင်ပြီး အသစ် ဖွဲ့ထားတဲ့ ခြစားမှု တိုက်ဖျက်ရေး ကော်မတီ အဖွဲ့က ဖမ်းဆီးတာတွေ လုပ်နေတာပါ။

တော်ဝင် မင်းသား ၁၁ ယောက်နဲ့ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ၄ ယောက် ဖမ်းခံခဲ့ရတယ်လို့ အတည်ပြု ထားနိုင်ပြီး၊ ဝန်ကြီးဟောင်းတွေ အများအပြားနဲ့ လည်း အထိန်းသိမ်း ခံလိုက် ရပါတယ်။

ဒါဟာ ဆော်ဒီဘုရင့်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ အဓိက ဦးစီးဦးဆောင် ပြုနေသူ အတော်များများ ဖယ်ရှား ခံလိုက်ရတာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ

အဖမ်းခံလိုက်ရတဲ့ မင်းသား အာလ်ဝါလိဒ် ဘင် တာလာလ် ဆိုရင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Apple နဲ့ တွစ်တာတို့လို ထိပ်တန်း စီးပွားရေး လုပ်ငန်းတွေမှာပါ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်ထားတဲ့ ဘီလီယံနာ ကုဋေကြွယ် သူဌေး တစ်ယောက် ဖြစ်ပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းဝင်သူ မင်းသား အာလ်ဝါလိဒ် ဘင် တာလာလ် ပိုင်ဆိုင်မှုထဲ လန်ဒန်က ကမ္ဘာကျော် ဟိုတယ်ကြီးဖြစ်တဲ့ ဆဗွိုင်း ဟိုတယ်လည်း ပါဝင်ပြီး ဖို့ဘ်စ် မဂ္ဂဇင်းရဲ့ အဆိုအရ သူ့ပိုင်ဆိုင်မှုဟာ အသားတင် တန်ဖိုး ဒေါ်လာ ၁၇ ဘီလီယံ ကြွယ်ဝသူ ဖြစ်ပါတယ်။

အဖမ်းခံရသူတွေထဲ လက်ရှိ စီးပွားရေး ဝန်ကြီး အဒဲလ် ဖာကီယာနဲ့ ဆော်ဒီ အာရ်ရမ်ကို ရေနံ ကုမ္ပဏီရဲ့ ဒါရိုက်တာ ဘုဒ် အဖွဲ့ဝင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း အီဘရာဟင်မ် အယ်လ်-အာဆစ်ဖ် တို့လည်း ပါဝင်ပါတယ်။

အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင်ဆာလ်မန်က ခြစားမှု တိုက်ဖျက်ရေး ကော်မတီရဲ့ ဥက္ကဌ နေရာကို ရယူပြီးပြီးချင်းပဲ အချိန်မဆိုင်းပဲ စနေည က စတင်လို့ ဖမ်းဆီးမှုတွေ ပြုလုပ်လာတဲ့ အပြင်၊ ပြည်စောင့်တပ်နဲ့ ရေတပ် တို့ရဲ့ အကြီးအကဲတွေကိုလည်း ရာထူးက ဖယ်ရှား လိုက်ပါတယ်။

Image caption လူငယ်တွေကြား ရေပန်းစားတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား

ဒီကနေ့ တနင်္ဂနွေ နေ့ထိအောင် ဖမ်းဆီးမှုတွေ ဆက်ရှိ နေပြီး နောက်ဆက်တွဲ အဖြစ် အာရပ် ကမ္ဘာမှာ အကြီးဆုံးဖြစ်တဲ့ ဆော်ဒီ အိတ်ချိန်း စျေးကွက်ထဲ စတော့ ရှယ်ယာ တန်ဖိုး တွေဟာ ၁ဝ % နီးပါး အထိ ကျဆင်း သွားပါတယ်။

လန်ဒန်ရဲ့ ထိပ်တန်း စီးပွားရေးကျောင်း LSE မှာ ရှိတဲ့ အရှေ့အလယ်ပိုင်း ဌာနက ဧည့်ပါမောက္ခ မာဒါဝီ အယ်လ် ရရှိဒ် ကတော့ အခုလို ဆော်ဒီ ထိပ်တန်း ပုဂ္ဂိုလ် တွေ အဖမ်းခံရတဲ့ အတွက်

ဆော်ဒီ အိမ်ရှေ့မင်းသား အနေနဲ့ တိုင်းပြည်ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အပေါ် ပိုပြီး ထိန်းချုပ် နိုင်စွမ်း ရှိလာတယ် ဆိုပြီး ပြောပါတယ်။

အခုလို ဖမ်းတာဆီးတာ လုပ်လာတာမျိုးကို ခြစားမှု တိုက်ဖျက်ရေး အတွက် လုပ်ဆောင်တာ အဖြစ် လက်ခံဖို့ အင်မတန် ခက်လှတယ်၊ အိမ်ရှေ့မင်းသား မိုဟာမက်ဒ် ဘင်ဆာလ်မန်ရဲ့ အာဏာ အခြေခံ ခိုင်မာ လာဖို့ အတွက် ပိုပြီး ချူပ်ကိုင် လာတာသာ ဖြစ်တယ်လို့လည်း ပါမောက္ခ အယ်လ် ရရှိဒ် က ဆိုပါတယ်။

အခုဆိုရင် အိမ်ရှေ့မင်းသားရဲ့ ညီအစ်ကို ဝမ်းကွဲ တော်ဝင် မျိုးနွယ်တွေထဲ ဘယ် မင်းညီမင်းသားမှ ဆော်ဒီ စစ်တပ် အပါအဝင် လက်နက်ကိုင် အဖွဲ့မျိုးရဲ့ ကျောထောက် နောက်ခံမျိုး ရှိ မနေတော့ဘူးလို့ သူက ထောက်ပြပါတယ်။

အိမ်ရှေ့မင်းသားဖက်က အခုလို လှုပ်ရှား လာတာဟာ အသေအချာ ကြိုတင် စီစဉ်ပြီးမှာ ရဲရဲ ဝံ့ဝံ့ကို လုပ်ဆောင် လာတာ ဖြစ်တယ်လို့ လုံခြုံရေး ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဖရန့် ဂါ့ဒ်နာက ပြောပါတယ်။

အသက် ၃၂ နှစ် သာ ရှိသေးတဲ့ အိမ်ရှေ့မင်းသား ဟာ နိုင်ငံထဲ ခေတ်မှီ ပွင့်လင်းရေးတွေ ဦးဆောင် လုပ်နေသူ အဖြစ် ဆော်ဒီ လူငယ်ထုကြားမှာ အင်မတန် လူကြိုက်များ ထင်ရှားသူ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံခြား ဆက်ဆံရေး တွေမှာ အိမ်ရှေ့မင်းသားက အတော်လေး ထဲထဲဝင်ဝင် ဦးဆောင် လုပ်လာခဲ့တာမှာ ယီမင် ပြည်တွင်းစစ်ထဲ ဆော်ဒီ ပါဝင် ပတ်သက်တာနဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ချေမှုန်းရေးမှာ နိုင်ငံတကာနဲ့ လက်တွဲ လုပ်တာမျိုး၊ ပင်လယ်ကွေ့ အိမ်နီးချင်း ကာတာ နိုင်ငံကို ဝိုင်းဝန်း ပိတ်ဆို့တာကို ထောက်ခံတာမျိုးတွေ တွေ့ရပါတယ်။

အင်မတန် ကြွယ်ဝတဲ့ ရေနံထုတ် နိုင်ငံလည်းဖြစ်၊ အစ္စလာမ် ဘာသာရေးမှာ အမြင့်မြတ်ဆုံး အထွဋ်အထိပ် နေရာလည်း ရှိနေတဲ့ ဆော်ဒီအာရေဗျ ဘုရင့် နိုင်ငံရဲ့ ဩဇာအာဏာကို အိမ်ရှေ့မင်းသား အနေနဲ့ အလုံးစုံ ထိန်းချုပ် နိုင်ဖို့ရာ အခုဆိုရင် ဘယ်လို အဟန့်အတားမျိုးမှ မရှိတော့ဘူး လို့ ဘီဘီစီသတင်းထောက် ဖရန့် ဂါ့ဒ်နာက သုံးသပ် ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆော်ဒီမှာ ရေနံကို မှီခိုနေရမှုကို လျှော့ချဖို့ကြိုးစား

ဒီသတင်းနဲ့ပတ်သက်သမျှ