တက္ကဆက်ပစ်ခတ်မှု - သေနတ်သမားဟာ စစ်သားဟောင်းဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption တက္ကဆက်ပစ်ခတ်မှုမှာ သေဆုံးသူတွေအတွက် ဆုတောင်း

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ဘုရားကျောင်း ပစ်ခတ်မှုမှာ သေနတ်သမားဟာ အမေရိကန်လေတပ်ကနေ အကျင့်စာရိတ္တ ဖောက်ဖျက်မှုနဲ့ တပ်ကနေ ထွက်ထားရသူ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက ပစ်ခတ်မှုမှာ အနည်းဆုံး လူ ၂၆ ယောက် သေဆုံးပြီး လူ ၂၀ ဒဏ်ရာရခဲ့ပါတယ်။

သေနတ်သမားကို လူဖြူ အမျိုးသား တစ်ဦး ဆိုပြီးပဲ ရဲက ကြေညာထားပေမဲ့ အမေရိကန် မီဒီယာတွေကတော့ သူ့နာမည်ဟာ ဒဲဗင် ပက်ထရစ် ကယ်လ်လီ အသက် ၂၆ နှစ်ဆိုပြီး ဖော်ပြကြပါတယ်။

ကယ်လီဟာ အမေရိကန်လေတပ်က ၂၀၁၄ ခုနှစ်ကတည်းက အလုပ်ရပ်နားခံရပြီး သူ့ကလေးနဲ့ ဇနီးကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ စစ်ခုံရုံးမှာ စစ်ဆေးမှု ခံခဲ့ရသူ ဖြစ်ပါတယ်။

ပစ်ခတ်မှု ဖြစ်တဲ့နေရာ

တက္ကဆက်ပြည်နယ် ဝယ်လ်ဆင်ခရိုင်ရဲ့ ဆပ်သလန်း စပရင်းစ် မြို့ငယ်လေးက First Baptist ဘုရားကျောင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ ဒီမြို့လေးအတွက်တော့ ပထမဆုံး တိုက်ခိုက်ခံရမှုဖြစ်ပါတယ်။

သေနတ်သမားကိုတော့ တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာနဲ့ မိုင် နည်းနည်းဝေးတဲ့ နေရာမှာ သူထွက်ပြေးခဲ့တဲ့ မော်တော်ယာဉ်ထဲမှာ သေဆုံးနေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ အခုဖြစ်စဉ်မှာ သူ ဘာကြောင့်ဒီလို လုပ်ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။

ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ ဖရန့်ခ် ပိုမီရွိင်ရဲ့ ၁၄ နှစ်အရွယ် သမီး တယောက်သေဆုံးခဲ့တယ်လို့ အေဘီစီသတင်းဌာနကို ပြောခဲ့ပါတယ်။

တိုက်ခိုက်ချိန်မှာ ရှိခဲ့တဲ့ မစ္စတာ ပိုမီရွိင်က သေဆုံးသွားတဲ့ သူ့သမီးလေးဟာ ချောမောလှပပြီး ထူးခြားတဲ့ ကလေးငယ်တစ်ဦးလို့ တယ်လီဖုန်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

သေဆုံးခဲ့တဲ့သူတွေထဲမှာ ကလေး ၄ ယောက်ပါဝင်ပြီး ဘုရားကျောင်းတွင်း သေဆုံးသူ ၂၃ ဦး၊ အပြင်မှာ သေဆုံးသူ ၂ ဦးနဲ့ ဆေးရုံရောက်မှ သေဆုံးသူ တစ်ဦးရှိတယ်လို့ သိရပါတယ်။