မြောက်ကိုရီးယား ဒုံးကျည်တွေကို ဂျပန် ပစ်ချနိုင်စွမ်းရှိတယ်

Image caption ကာကွယ်ရေး ပစ္စည်းတွေ အရောင်းအဝယ် စာချုပ် တကယ် ချုပ်ခဲ့ပြီလား

ဂျပန် နိုင်ငံ အနေနဲ့ အမေရိကန်ဆီက ဝယ်ယူထားတဲ့ ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းတွေကို အသုံးပြုပြီး မြောက်ကိုရီးယား ဒုံးကျည်တွေကို ပစ်ချ နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဂျပန် နိုင်ငံဟာ အမေရိကန် ဆီက စစ်လက်နက် ပစ္စည်းတွေ အမြောက်အများ ဝယ်ယူဖို့ ရှိတယ် ဆိုတာကို သမ္မတ ထရမ့်က ထုတ်ပြောရင်းမှာပဲ အခုလို ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး ကလည်း တကယ်လို့ လိုအပ်လာရင် ဂျပန် အနေနဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေကို ဟန့်တားမယ်လို့ ဆိုပြီး အမေရိကန်နဲ့ကြား စစ်ရေး ဆိုင်ရာ ပစ္စည်းတွေ ဝယ်ယူရေး အစီအစဉ် ရှိနေတာကို အတည်ပြု ပါတယ်။

Image caption အခုလပိုင်းတွေ အတွင်း ဒုံးကျည် နှစ်ကြိမ် ပစ်လွှတ်

သမ္မတ ထရမ့်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ် အဆုံးသတ်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ဂျပန် ပိုင်နက်တွေကို ကျော်ဖြတ်ပြီး အခုလပိုင်းတွေ အတွင်း ဒုံးကျည် နှစ်ကြိမ် ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ် ကြုံတွေ့ နေရတဲ့ အတွက် ဂျပန် နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို အရေအတွက် အရရော၊ အရည်အသွေး အရပါ တိုးမြှင့်ဖို့ လိုအပ် နေတယ်လို့ ဝန်ကြီးချုပ် အာဘေးက ဆိုပါတယ်။

အမေရိကန်-ဂျပန် နှစ်နိုင်ငံကြား ကာကွယ်ရေး ပစ္စည်းတွေ အရောင်းအဝယ် စာချုပ်ကို သမ္မတ ထရမ့်ရဲ့ ခရီးစဉ် အတွင်း လက်မှတ် ရေးထိုး ခဲ့တဲ့ အဆင့်ထိ ရောက်ခဲ့ ပြီးပြီလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သမ္မတ ထရမ့် အာရှခရီးစဉ် စဖို့ပြင်ဆင်

အဲဒီ နှစ်နိုင်ငံကြားမှာ စစ်ရေး ဆက်ဆံရေးတွေ နီးနီးကပ်ကပ် ရှိထားနှင့်ပြီး၊ အမေရိကန် စစ်အခြေစိုက် စခန်း တချို့ကို ဂျပန်မှာ ဆက်လက် ထားရှိဆဲ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ် အရေး တင်းမာနေတဲ့ အခြေအနေကို အဆိုးဆုံး အဖြစ် ရောက်ရှိအောင် မစ္စတာထရမ့်က တွန်းပို့နေတယ် ဆိုပြီး မြောက်ကိုရီးယား အစိုးရ မီဒီယာက စွပ်စွဲ ထားပါတယ်။

သမ္မတ ထရမ့်ကို အိမ်ဖြူတော် သူရူးကြီး ဆိုပြီး မြောက်ကိုရီးယားက ရည်ညွှန်း ခေါ်ဆို ခဲ့သလို၊ အသိတရားတွေ ပျောက်ဆုံးနေတဲ့ သူရူးကြီး ဘာတွေ လုပ်ဆောင်မယ် ဆိုတာကို ဘယ်သူမှ မခန့်မှန်း နိုင်ကြဘူး၊ မြောက်ကိုရီးယား အပေါ် နျူကလီယာ စစ်ပွဲတောင် ဆင်နွှဲ လာနိုင်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန် ထားပါတယ်။