ပါရာဒိုက်ဇ်ပေပါ ပေါက်ကြားပြီးနောက် အမေရိကန်ဝန်ကြီး တုံ့ပြန်

Image caption အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဝီလ်ဘာရော့စ်

အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဝီလ်ဘာရော့စ်က သူ့ အနေနဲ့ ကွန်ဂရက်စ် လွှတ်တော် နားလည်မှု လွဲအောင် ပြောဆို ခဲ့တာမျိုး မရှိဘူးဆိုပြီး ငြင်းဆို လိုက်ပါတယ်။

ရုရှားအစိုးရနဲ့ အဆက်အစပ် ရှိနေတဲ့ နဗီဂေတာ ဆိုတဲ့ ကုမ္ပဏီတစ်ခုနဲ့ မစ္စတာရော့စ် ပတ်သက်ကြောင်း ဖော်ပြနေတဲ့ ပါရာဒိုက်ဇ်ပေပါ စာရွက်စာတမ်းတွေ ပေါက်ကြား လာခဲ့တဲ့နောက် အခုလို ငြင်းဆိုတာ ဖြစ်ပါတယ်။

နဗီဂေတာ ကုန်ပစ္စည်း ပို့ဆောင်ရေး ကုမ္ပဏီနဲ့ သူဘယ်လို ပတ်သက်သလဲ ဆိုတာကို သူ့ဘက်က အပြည့်အဝ ထုတ်ပြောထားတယ်လို့ ဝီလ်ဘာရော့စ်က ဆိုပါတယ်။

ဒါ့အပြင် အဲဒီ ကုမ္ပဏီနဲ့ ရုရှား ရေနံကုမ္ပဏီ ဆီဘော Sibur တို့ စီးပွားရေး အရ ဆက်ဆံမှု ရှိနေတာလည်း ဘာမှ မဆီလျော် မှားယွင်းနေတဲ့ အဖြစ် မဟုတ်ဘူးလို့ မစ္စတာ ရော့စ်က ပြောပါတယ်။

ရုရှား ဆီဘောကုမ္ပဏီရဲ့ ဘယ် အစုရှယ်ရာရှင်တွေ၊ အုပ်ချုပ်ရေး ဒါရိုက်တာ တစ်ဦးတစ်ယောက်နဲ့ မှလည်း သူ့ အနေနဲ့ ပုဂ္ဂိုလ်ရေး ပတ်သက်မှု မရှိသလို၊ အဲဒီ ဆီဘော ကုမ္ပဏီ ကိုယ်တိုင်လည်း အမေရိကန်က ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲ ပါဝင် မနေဘူးလို့ ဝန်ကြီး ရော့စ်က ဆိုပါတယ်။

Image caption ဆီဘောနဲ့ကြား ပုဂ္ဂိုလ်ရေး ပတ်သက်မှု မရှိဘူးလို့ ကန်ဝန်ကြီးပြော

မစ္စတာ ရော့စ်က အဲဒီလို ပြောပေမယ့် ဆီဘောရဲ့ ပိုင်ရှင်တွေထဲက နှစ်ယောက်ကတော့ အမေရိကန်က ပိတ်ဆို့ ထားသူတွေ စာရင်းထဲ ပါဝင် နေပြီး၊ နောက် တစ်ယောက်လည်း ရုရှား သမ္မတ ပူတင်နဲ့ အင်မတန် နီးနီးကပ်ကပ် အဆက်အသွယ် ရှိသူ ဖြစ်ပါတယ်။

ဂျာမန် သတင်းစာ ဇူဒွိုင်ချ ဇိုင်တွန် နဲ့ စုံစမ်း ဖော်ထုတ်ရေး နိုင်ငံတကာ သတင်းသမားများအဖွဲ့ ICIJ တို့ရဲ့ ထုတ်ဖော်ချက် အရ ထွက်ပေါ်လာတဲ့ ၁၃သန်းကျော်ရှိတဲ့ စာရွက်စာတမ်းတွေကို ပါရာဒိုက်ဇ်ပေပါ ပေါက်ကြားမှုလို့ အခုအခါ ရည်ညွှန်း ခေါ်ဆိုနေပြီး၊ ဘီဘီစီ အနေနဲ့လည်း အဲဒီ စာရွက်စာတမ်းတွေ ရရှိထားပါတယ်။

စုံစမ်း ဖော်ထုတ်သူတွေ ရဲ့ အပြောအရ နိုင်ငံတကာ နာမယ်ကျော် ကုမ္ပဏီ ကြီးတွေ နဲ့ ငွေကြေး ချမ်းသာသူတွေဟာ အခွန်နည်းနိုင်သမျှ နည်းနည်းပဲ ဆောင်ရအောင် အကြီးအကျယ် လုပ်ဆောင် ခဲ့ကြတယ် ဆိုတဲ့ အချက်ကို ဒီ စာရွက်စာတမ်းတွေက ဖော်ပြ နေတယ်လို့ ဆိုပါတယ်။