တက္ကဆက် သေနတ်သမားနောက် လူ ၂ ယောက် လိုက်ဖမ်းခဲ့

Image caption တိုက်ခိုက်ခံခဲ့ရတဲ့ ဘုရားကျောင်း

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က ခရစ်ယာန် ချာ့ချ်ကျောင်းထဲ သေနတ်နဲ့ ပစ်ခတ်ခဲ့သူနောက် လိုက်လံ ဖမ်းဆီးခဲ့သူ နှစ်ဦးကို သူရဲကောင်းတွေ အဖြစ် အများက ချီးကျူးဂုဏ်ပြု ပြောဆို နေပါတယ်။

ရိုင်ဖယ်ကိုင်ဆောင် ထားသူ တစ်ဦးနဲ့ အနက်ရောင် အထက်အောက် ဝင်ထားတဲ့ သေနတ်သမားတို့ ချာ့ချ်ကျောင်း အပြင်ဘက် အပြန်အလှန် ပစ်ခတ်နေတာကို တွေ့ခဲ့ရတယ်လို့ ဂျော်နီ လန်ဂင်ဒရော့ဖ်က သတင်းထောက်တွေကို ပြန်ပြောင်း ပြောပါတယ်။

သေနတ်သမား ကားမောင်း ထွက်ပြေးသွားတဲ့ အခါမစ္စတာ လန်ဂင်ဒရော့ဖ်လည်း ရိုင်ဖယ်သမားကို ကားပေါ်တင်ပြီး နောက်က လိုက်ခဲ့တာ ဖြစ်ပါတယ်။

Image caption လေတပ် စစ်မှုထမ်းဟောင်း ဒီဗင်ကယ်လီ

ကားတွေ ရှုပ်နေတဲ့ လမ်းပေါ် မြွေလိမ်မြွေကောက် မောင်းပြီး သေနတ်သမားကို လိုက်ဖမ်း ခဲ့တာမှာ တစ်နာရီကို ကီလိုမီတာ ၁၅ဝ အထိ အရှိန်ပြင်းပြင်း မောင်းနှင် ခဲ့ရတယ်လို့ ဆိုပါတယ်။

အရှေ့က ပြေးနေတဲ့ သေနတ်သမားရဲ့ ကားလည်း နောက်ပိုင်း လမ်းဘေးက မြောင်းထဲ ထိုးကျသွားပါတယ်။

သေနတ်သမားကို ကားထဲ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီး၊ သူ့ကိုယ်သူ သတ်သေခဲ့တာလို့ အမေရိကန် အာဏာပိုင်တွေက ယူဆ ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တက္ကဆက်သေနတ်သမား လေတပ်ဖွဲ့ဝင်ဟောင်းဖြစ်

တက္ကဆက်ပြည်နယ်ထဲက ဆပ်သာလန် စပရင်းစ်ဆိုတဲ့ မြို့ငယ်လေးမှာ ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာဖြစ်ပြီး လူ ၂၆ ယောက် သေဆုံး ခဲ့ရပါတယ်။

သေနတ်သမားဟာ လေတပ် စစ်မှုထမ်းဟောင်း ဒီဗင်ကယ်လီ ဖြစ်တယ်လို့ နားလည်ရပြီး ၂ဝ၁၄ ခုနှစ်ကတည်းက တပ်ထဲကနေ ထုတ်ပယ် ခံထားရသူ ဖြစ်ပါတယ်။

သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ အမေရိကန်တလွှား အလံတွေကို တဝက်ချ ထားပါတယ်။