ဆွေးနွေးပွဲကို လာဖို့ မြောက်ကိုရီးယား ကို ထရမ့် ဖိတ်ခေါ်

ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာရှင် အစိုးရ ကို ထောက်ပံ့တာကို လက်မခံနိုင်ဘူးလို့ ပြော

မြောက်ကိုရီးယား နိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပြောဆို ညှိနှိုင်းမှုတွေ လုပ်ဖို့ ဒေါ်နယ် ထရမ့် က ဖိတ်ခေါ်လိုက်ပါတယ်။

နျူကလီးယား ခြိမ်းခြောက်နေမှု ကနေ တားဆီးဖို့ မြောက်ကိုရီးယား ကသာ ဆွေးနွေးခဲ့မယ် ဆိုရင် စစ်ရေး အရ အရေးယူနိုင်ဖို့ ရှိတယ် တဲ့ မေးခွန်း တွေကို အဆုံးသတ် နိုင်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့ အပြင် မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီးယား နဲ့ ဒုံးကျည် စမ်းသပ်မှု ကို ဖိအားပေး ရပ်တန့်နိုင်ဖို့ မြောက်ကိုရီးယား နဲ့ ကုန်သွယ်နေမှု ကို တစ်ကမ္ဘာလုံး ကရပ်စဲ ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် က ပြောကြား လိုက်ပါ တယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ဟာ တောင်ကိုရီးယား နိုင်ငံ ကို ရောက်ရှိခဲ့ပြီး ဆိုးလ် မြို့မှာ သမ္မတ မွန်ဂျေအင်း နဲ့ အတူ သတင်းစာ ရှင်လင်း ပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ နိုင်ငံတွေကို အန္တရာယ် ဖြစ်စေတဲ့ နိုင်ငံ မြောက်ကိုရီးယား အာဏာရှင် ကို ငွေရေး ကြေးရေး အထောက်အပံ့ ဖြစ်စေတဲ့ ကိစ္စတွေကို သူ့ အနေနဲ့ လက်မခံ နိုင်ဘူးလို့ မစ္စတာ ထရမ့် က ပြောဆို ခဲ့ပြန်ပါတယ်။

နိုင်ဝင်ဘာ ခြောက်ရက် နေ့တုန်း ကလည်း ဂျပန် နိုင်ငံကို ရောက်ရှိနေစဉ်မှာ မြောက်ကိုရီးယားရဲ့ ဘယ်ဒုံးကျည် လက်နက် ကို မဆို ပစ်ချ နိုင်စွမ်း အမေရိကန် မှာ ရှိတယ်လို့ သူက ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန် သမ္မတ အဖြစ် တာဝန်ယူပြီး နောက်ပိုင်းမှာ ပထမဉီးဆုံး အာရှ ခရီးစဉ် အဖြစ် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် နဲ့ ဖိလစ်ပိုင် နိုင်ငံတွေကို သွားရောက် နေတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ မြောက်ကိုရီးယား ရဲ့ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံ ဖြစ်တဲ့ တရုတ် နိုင်ငံကို သမ္မတ ထရမ့် သွားရောက်ဖို့လည်း ရှိနေပါတယ်။