နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီး ရာထူးကထွက်

Image caption ကွန်ဆာဗေးတစ် ပါတီ အတွက် မျိုးဆက်သစ် ခေါင်းဆောင် တစ်ယောက် အဖြစ် ရှုမြင်ခဲ့

ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ အမျိုးသမီး ဝန်ကြီး ပရစ်တီ ပတေးလ် တစ်ယောက် ရာထူး နေရာက နှုတ်ထွက်သွားပါတယ်။

အားလပ်ရက် အပန်းဖြေ ခရီး အနေနဲ့ အစ္စရေးနိုင်ငံကို သွားခဲ့စဉ်တုန်းက ဗြိတိသျှ အစိုးရရဲ့ ခွင့်ပြု ချက် မပါပဲ အစ္စရေး အစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ လုပ်ရပ်ကြောင့်၊ အကြီးအကျယ် ဖိအားပေး ဝေဖန် ခံနေရတဲ့ မစ္စ ပတေးလ် အခုလို အစိုးရ ဝန်ကြီး ရာထူးကို စွန့်လွှတ် သွားတာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ အာဏာရ ကွန်ဆာဗေးတစ် ပါတီ အတွက် မျိုးဆက်သစ် ခေါင်းဆောင် တစ်ယောက် အဖြစ် ရှုမြင် ခံထားရသူ မစ္စ ပတေးလ်ဟာ ဝန်ကြီးချုပ် ထရီဇာမေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ တွေ့ခဲ့ကြတုန်းက အင်မတန် အရေးကြီးတဲ့ အချက်ကို မစ္စပတေးလ် ဘက်က ထုတ်မပြောပဲ ထိန်ချန် ထားခဲ့ကြောင်း ပေါ်ထွက် လာခဲ့လို့ ဆိုပြီး၊ အာဖရိကတိုက်ကို ရောက်နေတဲ့ မစ္စ ပေတေးလ်ကို ချက်ခြင်း ပြန်လာဖို့ ဗြိတိန် အစိုးရက ဆင့်ခေါ် ခဲ့ပါတယ်။

ဒီနောက် မစ္စပတေးလ် ရာထူးနေရာကို စွန့်လွှတ် ခဲ့တာမှာ၊ သူ့ရဲ့ နှုတ်ထွက်စာထဲ ရည်ရွယ်ချက် ကောင်းတွေနဲ့ ပြုမူခဲ့တာ ဖြစ်ပေမယ့်၊ သူ့ လုပ်ရပ်တွေဟာ ပွင့်လင်းမြင်သာ ရှိမှုမှာ သူကိုယ်တိုင် သတ်မှတ် ထားတဲ့ စံနှုန်းတွေကို မပြည့်မမှီ ဖြစ်ခဲ့ရတယ်လို့ ရေးသား ထားပါတယ်။

Image caption အာဖရိကတိုက်ကို ရောက်နေတဲ့ မစ္စ ပေတေးလ်ကို ချက်ခြင်း ပြန်လာဖို့ ဗြိတိန် အစိုးရက ဆင့်ခေါ် ခဲ့

"အစိုးရ တစ်ရပ် အနေနဲ့ သူတို့ရဲ့ မူဝါဒတွေ ဘာလဲ ဆိုတာကို တသတ်မတ်ထဲ ကျိုးကြောင်း လျော်ညီစွာနဲ့ တခြား တိုင်းပြည်တွေကို ပြသနိုင်ဖို့ အချက်က အရေးကြီးဆုံးပဲ၊ ဒါ့ကြောင့် အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ တိုင်းတပါးကို ခရီးသွားမယ် ဆိုတိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနနဲ့ အဆက်အသွယ်လုပ်ပြီး ညှိနှိုင်း တာတွေ ပြုလုပ်ကြရတယ်လို့ နိုင်ငံခြားရေး ဌာနမှာ ထိပ်တန်း တာဝန်တွေ ယူခဲ့ဖူးတဲ့ လော့ဒ် ရစ်ကက်စ်က ဘီဘီစီကို ပြောပါတယ်။

အခု မစ္စ ပတေးလ်ရဲ့ ပြဿနာက သူ အစ္စရေး သွားတဲ့ အခါ အဲဒီက အာဏာပိုင်တွေနဲ့ တစ်ကြိမ်တစ်ခါ ကြုံကြိုက်ခဲ့တာမျိုး မဟုတ်ပဲ၊ ထပ်ခါတလဲလဲ တွေ့ခဲ့တယ် ဆိုတဲ့ အချက်ကို အဲဒီမှာ ရှိနေတဲ့ ဗြိတိသျှ သံရုံး အပါအဝင် ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့တာပဲလို့ လော့ဒ် ရစ်ကက်စ်က ထောက်ပြပါတယ်။

မစ္စပတေးလ် တစ်ယောက် အစ္စရေး နိုင်ငံရေးသမားတွေနဲ့ ဩဂုတ်လတုန်းက တွေ့ခဲ့တယ် ဆိုတဲ့ အချက် ထွက်ပေါ် လာခဲ့တဲ့နောက်၊ ဝန်ကြီးချုပ် ထရီဇာမေကို မစ္စပတေးလ်က ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက တောင်းပန် စကား ဆိုခဲ့ပါတယ်။

ဒါပေမယ့် စက်တင်ဘာလထဲမှာလည်း အလားတူ နှစ်ကြိမ်နှစ်ခါ ထပ်တွေ့ခဲ့တယ် ဆိုတဲ့ အချက်ကိုတော့ ထည့်မပြောပဲ နေခဲ့ပြီး၊ အဲ့သလို ထိန်ချန် ခဲ့တာလည်း ပေါ်ပေါက် လာတဲ့ နောက်မှာတော့ အာဖရိကတိုက် ရောက်နေရာကနေ ပြန် ဆင့်ခေါ် ခံရတဲ့ အထိ ဖြစ်လာ ခဲ့တာပါ။

မစ္စပတေးလ်ရဲ့ နှုတ်ထွက်စာကို ဝန်ကြီးချုပ် ထရီဇာမေက လက်ခံပြီး ပွင့်လင်းမြင်သာမှု ရှိရေးကို အားပေး ထောက်ခံသူ မစ္စပတေး အနေနဲ့ စံနှုန်းစံထားတွေ မြင့်မြင့်မားမား ဆက်လက် ထားရှိနိုင်ရေး အတွက် ရည်ရွယ်ပြီး အခုလို နှုတ်ထွက်လိုက်တာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝန်ကြီးချုပ်မေက ပြောပါတယ်။

ကာကွယ်ရေး ဝန်ကြီး ဆာမိုကယ်ဖယ်လွန် နှုတ်ထွက်ပြီး သီတင်းတစ်ပတ် တိတိအကြာမှာ အခုလို ဗြိတိန် အစိုးရဝန်ကြီး နောက်တစ်ယောက် ထပ်ပြီး နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူထဲကနေ ဗြိတိန် နှုတ်ထွက်ရေး ဘရက်ဇစ် လုပ်ဆောင် နေရတဲ့ အခုလို အင်မတန် သိမ်မွေ့လွန်းတဲ့ အချိန်မှာ ကက်ဘိနက် အတွင်း အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ ဝန်ကြီးချုပ် မေ အတွက် အရေးကြီး နေတယ်လို့ ဘီဘီစီရဲ့ နိုင်ငံရေး ဆိုင်ရာ အယ်ဒီတာ Laura Kuenssberg က ပြောပါတယ်။

အစိုးရ ကက်ဘိနက် အဖွဲ့ထဲ ဘယ်သူတွေကို ထည့်မလဲ ဆိုတာကို ဝန်ကြီးချုပ် မေအနေနဲ့ သေသေချာချာ ရွေးချယ်ရမှာ ဖြစ်ပြီး၊ အကြောင်းကတော့ ဘရက်ဇစ်လွန်ကာလမှာ အီးယူနဲ့ကြား ဆက်ဆံရေး ခိုင်ခိုင်မြဲမြဲ ဆက်ထားလိုသူတွေ၊ မထားလိုသူတွေနဲ့ ကက်ဘိနက်ထဲမှာ သဘောထားတွေ ဟန်ချက်မျှ နေအောင် ရှိနေမှပဲ ထရီဇာမေ အနေနဲ့လည်း သူ့ရဲ့ ဝန်ကြီးချုပ် နေရာ ဆက်လက် မြဲနေမယ် ဆိုတာ သိထားတယ်လို့ Laura Kuenssberg က သုံးသပ် ထားပါတယ်။