ဆော်ဒီမှာဘီလျံရာချီအလွဲသုံးစားမှုစစ်ဆေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆော်ဒီရှိဟိုတယ်ကြီးတွေမှာ စစ်ဆေးမှုလုပ်

ဆော်ဒီအာရေဗျ နိုင်ငံမှာ အမေရိကန်ဒေါ်လာ ဘီလျံ၁၀၀ လောက်ကို လာဘ်စားမှု အလွဲသုံးစားမှုတွေ လုပ်ထားတဲ့ စွပ်စွဲချက်နဲ့ လူပေါင်း၂၀၀ကျော်ကို ခေါ်ယူစစ်ဆေးနေပါတယ်။

ဆော်ဒီရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ အစိုးရငွေကြေး ဘီလျံတရာကျော်ကို ဆယ်စုနှစ်နဲ့ချီပြီး အစီအစဉ်ရှိရှိ အလွဲသုံးစား လုပ်ထားတယ်လို့ ဆိုပါတယ်။ မီဒီယာတွေ အဆိုအရ တကယ့်ကိန်းဂဏန်းက အခုအစိုးရပြောတာထက် ၈ဆလောက် ပိုတယ်လို့ ရေးသား ဖေါ်ပြကြပါတယ်။

ဆော်ဒီအရေးဗျားမှာ အကျင့်ပျက် ခြစားမှုဟာ ရောဂါဆိုးလို အမြစ်တွယ်နေတာ ၁၀စုနှစ်တွေနဲ့ ချီနေပြီး စီးပွားရေး လောကမှာ ဒီလို လာဘ်ပေး လာဘ်ယူလုပ်မှ အလုပ်ဖြစ်ကြောင်း၊ အခုတော့ သြဇာတိက္ကမ ကြီးမားတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆဲလ်မန်က ရပ်တန်းကရပ်ကြဖို့ သတိပေးလိုက်တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် Frank Gardner ကပြောပါတယ်။

အခုအခါ ထင်ရှားတဲ့ ဆော်ဒီ၂၀၀ကျော်ကို အဂတိလိုက်စားမှု စွပ်စွဲချက်မျိုးနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ ထိန်းသိမ်းပြီး စစ်ဆေးနေပါတယ်။ သူတို့ကိုယ်ပိုင် လေယာဉ်ကြီးတွေလည်း ပျံသန်းခွင့် မပြုတော့သလို သူတို့ပိုင်ဆိုင်တဲ့ကြွယ်ဝ ချမ်းသာမှုတွေကိုလည်း တတ်နိုင်သလောက် သိမ်းပိုက် လိုက်ပါတယ်။

စုံစမ်းစစ်ဆေးမှု တွေကတဆင့် အရေးယူတဲ့အခါ ပွင့်လင်းမြင်သာပြီး မျှမျှတတ ကိုင်တွယ်ဖို့ ဆော်ဒီအစိုးရကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

မကြာမီက ဘာသာရေး ခေါင်းဆောင်တွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ပ ညာရှင်တွေကိုအ စိုးရက အကြောင်းပြချက်မရှိဘဲ ဖမ်းပြီး မကြာမီ အခုလို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ထပ်ဖမ်းလိုက်တာ ဖြစ်ပါတယ်။

အခုအချိန်အထိတော့ ဒီလိုရှင်းလင်း သုတ်သင်နေတဲ့ အပေါ် ခုခံမှုသိပ်မတွေ့ရပါဘူး။ ဒီလိုစုံစမ်း အရေးယူမှုတွေ ဘယ်အတိုင်းအတာ အထိလုပ်မလဲ နောက်ထပ် ဘယ်သူ အဖမ်းခံရမလဲဆိုတာကို လူတိုင်းလိုလိုက သိချင်နေကြတယ်လို့ ဘီဘီစီ လုံခြုံရေးဆိုင်ရာ သတင်းထောက် Frank Gardnerက သုံးသပ်သွားပါတယ်။